“နူရာဝဲစွဲရတဲ့ ရေဘေးသင့် ပြည်သူတွေ”
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နိုင်ငံအနှံ့ ရေကြီးနစ်မြုပ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာရော စစ်ကောင်စီ စိုးမိုးထားတဲ့ နယ်မြေတွေမှာပါ သဘာဝဘေးက နယ်မြေခွဲခြားမှုမရှိဘဲ ပြည်သူတွေကို အခက်တွေ့စေခဲ့ပါတယ်။ ရေကြီးနစ်မြုပ်မှုဒဏ်တွေကြောင့် ပြည်သူတွေ ဘာတွေကြုံတွေ့ခဲ့ရသလဲ။ သူတို့ အခု ဘာတွေ ရင်ဆိုင်နေရပါသလဲ။ CJ Platform ရဲ့ အပတ်စဉ် တင်ဆက်နေကြဖြစ်တဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဏကနေ ထုတ်ဖော်လိုက်ပါတယ်။
****************************************
“ကိုယ်တွေရပ်ကွက်က လူကြီးတွေကတော့ ဘယ်ဆီနေမှန်းကို မသိတာ”
ရန်ကုန်တိုင်း အရှေ့ဒဂုံ (၁၂) ရပ်ကွက်နေ ပြည်သူတစ်ဦး
ရေကကျသွားလို့တော်သေးတယ်။ သူတို့(စစ်ကောင်စီ)ဘက်လူတွေ တစ်ယောက်မှကို မမြင်ရတာပါ။ ပရဟိတအဖွဲ့တွေက ထမင်းထုပ်တွေလာဝေလို့သာ။ နေရာရွှေ့ရတော့လည်း ပရဟိတသမား ကောင်လေးတွေ ရွှေ့ပေးလို့ အဆင်ပြေတာ။ (၁၃၃)ရပ်ကွက်ဘက်တွေဆို ရပ်ကွက်လူကြီးတွေ၊ စည်ပင်တွေနဲ့ မြောင်းဖော်တာတွေဘာတွေလုပ်ပလိုက်တော့၊ ရေကခဏပဲ ကြီးလိုက်တယ်။ ကိုယ်တွေရပ်ကွက်က လူကြီးတွေကတော့ ဘယ်ဆီနေမှန်းကို မသိတာ။
****************************************
“အမှန်တိုင်းပြောရရင် ရေဘေးသင့်ဆိုပြီး အကူအညီကို ဘယ်ကမှ ရရှိတာမျိုး မရှိသေးပါဘူးဗျ”
ရေဘေးသင့် မုံရွာမြို့နယ်က ဒေသခံတစ်ဦး
မကြာသေးပါဘူး ဇူလိူင် ၂၆၊ ၂၇ လောက်က ရေကျတာက ရွှံ့ တွေတော့ ကျန်နေသေးတယ်ဗျ။ နေအိမ်တွေက နွံတွေတင်ကျန်ခဲ့လို့ ပြန်လည်းဆေးနေကြတယ်ဗျ။ ရေကလည်း ဒုတိယတစ်ကြိမ် ပြန်ဝင်နေဖို့ရှိတဲ့အနေအထားဆိုတော့လည်း လူအများ စိတ်ညစ်နေကြတယ်။ စိုက်ခင်းတွေကလည်း အကုန် သေသွားပြီဗျ။ စိုက်ပျိုးတာဆို ပဲ ၊ စပါး၊ နှမ်း၊ ပြောင်းတွေစိုက်တာပါ။ အခုကတော့ ဝမ်ရေးအတွက် ကိုယ်တိုင်ပဲ ရှာဖွေ လုပ်ကိုင်နေကြတယ်။ အိမ်တွေလည်းပြန်နေဖို့ မရသေးတော့လေ။ တောလိုက်တာ တစ်မနက်မှ ၃၀၀၀ ပဲရကြတယ်။ စိုက်ခင်းတွေက ပြန်စိုက်ပျိုးဖို့ မရတော့ဘူး။ ရေဝင်ထားတယ်ဆိုတော့ နွံတွေ၊ ရွှံ့တွေ ကျန်နေသေးတယ်။
အခုလတ်တလောက ဒီဒေသက စိုက်ခင်း လေးပုံပုံရင် တစ်ပုံလောက်ပဲ စိုက်ပျိုးလုပ်ကိုင်လို့ ရတယ်ဗျ။ တောအလုပ်ကလည်း တစ်ပတ်နေလို့ နှစ်ရက်သုံးရက်လောက်ပဲ လုပ်ကြရတယ်။ အမှန်တိုင်းပြောရရင် ရေဘေးသင့်ဆိုပြီး အကူအညီကို ဘယ်ကမှ ရရှိတာမျိုး မရှိသေးပါဘူးဗျ။
ခုဟာက ရေဘေးအကြောင်းရော စစ်ရေးအခြေအနေကလည်း မကောင်းတော့ အရာရာ သတိထားနေနေကြရတယ်။ နောက်ထပ် ဒုတိယအကြိမ် ရေ၀င်ရင်ဘာလုပ်ထားတယ်လို့ စီစဥ်တာ မရှိဘူး ဘာမှလဲမရှိဘူးလေ။ ခုလိုလေး ဖြစ်သလိုရတာလေး လိုက်လုပ်ကိုင်ရင်း ရှာဖွေစားသောက်ရမှာပါပဲဗျာ။
****************************************
“နေစရာအိမ်လည်း မရှိတော့ဘူး။ ကိုယ်ဒုက္ခနဲ့ကိုယ်ပဲလေ ရင်ဆိုင်ရမှာပေါ့”
မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ဆုံးရှုံးရသူ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ အမျိုးသမီးတစ်ဦး
အခုက ရေပြန်ကျသွားပြီဆိုတော့ ဆင့်ထိုးနေရတဲ့သူတွေတော့ ဆင့်ထိုးတာတွေမရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကမ်းပြိုတာတွေဖြစ်တော့ အိမ်တွေဖျက်ကြရတယ်။ ကူညီပေးမယ့်သူဆိုတာ မရှိပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ လုပ်နေကြရတာ။ ရေကြီးနေတုန်းကလည်း ဘယ်အဖွဲ့မှာလာပြီး ကူညီပေးတာမရှိပါဘူး။ အရာအားလုံးက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲလုပ်ကြရတာ။ ခက်ခဲတာတော့ ခက်ခဲတာပေါ့။ ကိုယ့်ဒုက္ခနဲ့ကိုယ်လေ ဘယ်သူမှမလာလည်း ရင်ဆိုင်ရမှာပဲ။
သက်ဆိုင်ရာအဖွဲ့အစည်းဆိုလို့ ဘယ်သူမှမလာဘူး ရေစကြီးထဲကပဲ။ မမျှော်ဘူး မမျှော်ဘူး။ သူတို့တွေလာလည်း လုပ်ပေးတယ်သာ အသံထွက်မှာ ဘာမှထိရောက်မှုလည်း ရှိမှာမဟုတ်ဘူး။ အခု နေစရာအိမ်လည်း မရှိတော့ဘူး။ ကိုယ်ဒုက္ခနဲ့ကိုယ်ပဲလေ။ ရင်ဆိုင်ရမှာပေါ့။ ဘယ်တတ်နိုင်မလဲ။