စစ်ကိုင်းမှာ မြေငလျင်ဒဏ်ကြောင့် ဒီနေ့အထိ သောက်သုံးရေခက်ခဲနေ

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တစ်လပြည့်ခါနီးချိန်ဖြစ်တဲ့ ဒီကနေ့ ဧပြီ ၂၈ရက်နေ့ထိ ငလျင်ဒဏ်သင့်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့ပေါ်မှာ သောက်သုံးရေခက်ခဲနေဆဲဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြေငလျင်ဒဏ်ကြောင့် စစ်ကိုင်းတစ်မြို့လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် မြို့တွင်းကို မြစ်ရေပေးပို့နေတဲ့ ပိုက်လိုင်းပျက်စီးသွားတာဖြစ်ပြီး တစ်မြို့လုံးအနေနဲ့ ရေရရှိမှုခက်ခဲသွားကာ မီးသတ်ကားတွေ ရေပေးဝေတဲ့ကားတွေဆီကနေ ရေကိုဝယ်ယူသုံးစွဲနေကြရတယ်လို့ သိရပါတယ်။
“ မြို့တွင်းမှာ မြစ်တွင်းကနေရေပိုက်လိုင်းတွေနဲ့ ပေးနေတာတွေရှိတယ်ဗျာ။ အဲဒီပိုက်လိုင်းတွေ ပျက်သွားတာနဲ့ ပြုပြင်ဖို့လိုအပ်နေသေးတော့ အနှံ့မရသေးတာ။ တချို့အရပ်တွေတော့ အနည်းအကျဥ်း ပြန်ရနေတာတော့ရှိတယ် “ လို့ စစ်ကိုင်းမြို့ခံ CJ Platform သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကိုင်းမြို့ပေါ်မှာ ရေတွင်းနဲ့ ရေတုံကင်တွေ ရှိပေမဲ့ အရမ်းနည်းပါးလွန်းတာကြောင့်နဲ့ တူးဖော်ဖို့ မလွယ်တာတွေကြောင့် အဝီစိတွင်း ရေတွင်းရှိတဲ့ နေရာတချို့သာ ရေရနိုင်တယ်လို့ သိရပါတယ်။
အဲဒီလို ရေရရှိတဲ့နေရာတွေမှာလည်း ရေပေးဝေတာမျိုးရှိပြီး ကိုယ်တိုင်သွားခပ်ယူသုံးစွဲရကာ သောက်ရေအတွက်သာ တနိုင်တပိုင်ရရှိတာ ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ရေတွင်း အဝီစိတွင်းမရှိတဲ့နေရာတွေမှာ မီးသတ်ကားတွေ ရေပို့ဆောင်တဲ့ကားတွေဆီကနေ ဝယ်ယူသုံးစွဲရတာဖြစ်ပြီး ရေဂါလံ ၃၆၀၀ ဆံ့ကားတစ်စီးကို သုံးသောင်းဝန်းကျင်ကနေ လေးသောင်းကျပ်အထိ ပေးကာဝယ်ယူ သုံးစွဲရတယ်လို မြို့ခံတွေကပြောပါတယ်။
“ ရပ်ကွက်တွေမှာ မီးသတ်အဖွဲ့တွေရှိတယ် အဲဒီကားတွေကိုပေးပြီး မှာရတာပေါ့။ တချို့တော့ မီးသတ်ကားကြီးတွေနဲ့ လှည့်လည်လှူနေတာရှိပေမဲ့ မရောက်နိုင်တဲ့နေရာတွေအတွက်ကတော့ မှာပြီးသုံးနေကြရတာ “ လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလို ရေအခက်အခဲရှိနေတာကြောင့် တချို့က မြစ်ရေကို မြစ်ဆိပ်အထိကိုယ်တိုင်သွားပြီး ခပ်ယူသုံးစွဲနေကြသလို တချို့ကလည်း မြစ်ထဲရေသွားချိုးရတာတွေရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက စစ်ကိုင်းမြို့ပေါ်မှာ မြို့ခံတွေကို ကူညီတာ မရှိသလောက်နည်းပါးပြီး သူတို့နဲ့ နီးစပ်သူတွေနဲ့ လမ်းမကြီးကနေရာတွေမှာသာ ရှင်းလင်းရေးတွေ လုပ်ဆောင်တာရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းမြေငလျင် လှုပ်ခတ်သွားပြီးနောက် စစ်ကိုင်းမြို့မှာ နေအိမ် ၉၀ ရာခိုင်နှုန်းခန့်ပျက်စီးသွားပြီး သေဆုံးသူ ရာပေါင်းများစွာ ရှိခဲ့ကာ လူနေအဆောက်အအုံများကို ပြင်ဆင်မှုများထက် ရေ၊ စားနပ် ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေခဲ့တာပါ။
ငလျင်လှုပ်အပြီး စစ်ကောင်စီက စစ်ကိုင်းမြို့တွင်းကို အဝင်အထွက် ကန့်သတ်လိုက်တာကြောင့် မြို့ခံအင်အားနဲ့သာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရပြီး အပျက်အစီးများကြား ပိတ်မိသူတွေ အသက်မသေဆုံးသင့်ပဲ သေဆုံးခဲ့ရတာတွေရှိတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဓာတ်ပုံ – CJ Platform