ဧရာဝတီနဲ့ ချင်းတွင်းအပါအဝင် မြစ်လေးခုရေကျော်နေလို့ ကချင်နဲ့ စစ်ကိုင်းက မြို့ ရှစ်မြို့မှာ ရေဘေးကြုံနေ

Author အညာသား
Categories
Published on Jul 04, 2024

ဧရာဝတီ၊ ချင်းတွင်း၊ နန့်ယင်းနဲ့ နန့်ကောင်းမြစ်တို့ မြို့ရှစ်မြို့မှာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇူလိုင် ၄ ရက် မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

မိုးဇလရဲ့ ဒီမနက် ၆ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာမြို့၊ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့၊ နန့်ယင်းနဲ့ နန့်ကောင်းမြစ်ရေကြီးမှုကြောင့် မိုးကောင်းစတဲ့ မြို့ပေါင်း ရှစ်မြို့က ဒေသခံတွေ ရေဘေးကြုံနေရတယ်လို့ သိရပါတယ်။

 

ကချင်ပြည်ထဲ စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာသတ်မှတ်ထားတဲ့ ဗန်းမော်မှာ လက်ရှိ ၁၂၆၆ စင်တီမီတာသို့၊ ရွှေကူမှာ စိုးရိမ်ရေမှတ် ၉၃၀ ကနေ ၁၀၁၇ စင်တီမီတာသို့၊ ကသာမှာ စိုးရိမ်ရေမှတ် ၁၀၄၀ ကနေ ၁၀၅၆ သို့၊ နမ့်ယမ်းမြစ်ရေဟာ မိုးကောင်းမြို့မှာ စိုးရိမ်ရေမှတ် ၆၀ဝ ကနေ ၆၉၆ စင်တီမီတာသို့၊ နန့်ကောင်းမြစ်ဟာ မိုးကောင်းမှာ စိုးရိမ်ရေမှတ် ၆၀၀ မှ ၆၅၇ စင်တီမီတာတို့သို့ အသီးသီး ကျော်လွန်ရောက်ရှိနေကြပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ခန္တီးမြို့မှာ စိုးရိမ်ရေမှတ် ၁၃၆၀ မှ ၁၅၄၅ စင်တီမီတာသို့၊ ဟုမ္မလင်းမှာ စိုးရိမ်ရေမှတ် ၂၉၀ဝ ကနေ ၃၀၂၃ စင်တီမီတာသို့၊ ဖောင်းပြင်မှာ စိုးရိမ်ရေမှတ် ၁၃၂၅ ကနေ‌ ၁၄၁၀ စင်တီမီတာတို့သို့ကျော်လွန်ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဗန်းမော်မြို့ အနောက်ဘက်မြစ်ကမ်းဘေးရှိ ရွာငါးခုမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီး အစားအသောက်နဲ့ သောက်သုံးရေအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကချင်ပြည်၊ မိုးကောင်းမြို့ မှာ နမ့်ယင်းနဲ့ နမ့်ကောင်းမြစ်နှစ်ခုလုံး ရေတက်နေလို့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး မြို့တွင်းရပ်ကွက်အားလုံးနီးပါး ရေဘေးအန္တရာယ်ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

 

အလားတူ ရွှေကူမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း နေအိမ်တွေထဲထိ မြစ်ရေဝင်ရောက်မှုကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

 

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန္တီးမြို့ထဲက ရပ်ကွက်တွေ ရေဝင်နစ်မြုပ်နေပြီး ဟုမ္မလင်းမှာလည်း ကွက်သစ်ရပ်ကွက်မှာ ရေစဝင်နေပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရပါတယ်။

 

မြစ်ရေကြီးမှုများနဲ့ပတ်သက်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က လတ်တလော စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတဲ့ မြစ်အောက်ပိုင်းဒေသရှိ မြို့ရွာရပ်ကွက်များမှာ နေထိုင်သူတွေအနေနဲ့ မြစ်အခြေအနေသတင်းများကို စောင်ကြည့်ကြဖို့နဲ့ မိုးဆက်လက်များနိုင်တာကြောင့် မြစ်ရေဟာ တဖြည်းဖြည်း မြင့်တက်လာနိုင်တယ်လို့ အသိပေးရေးသားထားပါတယ်။

 

စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို မိုးရွာဖို့ ရာနှုန်းပြည့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ- Myanmar Fire Services Department

 

ပုံစာ – ဗန်းမော်မြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်များရှိ ရေဘေးကြုံတွေ့နေရသူတွေကို ဒီနေ့ဇူလိုင် ၄ ရက်က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပုံကိုတွေ့မြင်ရစဉ်