မုံရွာမြို့ပေါ် လှည့်ကင်းယာဉ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံး၊ အထူးကွန်မန်ဒို ရဲဘော်တစ်ဦး ခေါင်း ကျည်ထိမှန်လို့ စိုးရိမ်ရ လက်နက်ခဲယမ်းတချို့ရရှိ

Author မင်းထက်
Categories
Published on Jun 04, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ကင်းပတ်လာနေတဲ့ စစ်ကောင်စီယာဥ်ကို မနေ့ ဇွန် ၃ ရက် မနက်ပိုင်းမှာ အထူးကွန်မန်ဒိုအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ခုနှစ်ဦးသေဆုံးခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း(၄) ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

 

မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းအနီး နေ့တိုင်းကင်းပတ်ပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို ငွေညှစ်တောင်းခံလေ့ရှိတဲ့ အင်အား ဆယ်ယောက်ခန့်ပါ စစ်တပ်ယာဥ်တစ်စီးကို မနက် ၁၀ နာရီ မိနစ် ၄၀ ဝန်းကျင်က စောင့်ဆိုင်းတိုက်ခိုက်ခဲ့​တာပါ။ အဲဒီမှာ တော်လှန်ရေးရဲဘော်တစ်ဦးက စစ်ကောင်စီယာဉ်ပေါ် လက်နက်တက်ယူချိန် ကားပေါ်မှာကျန်တဲ့စစ်သားက ပြန်ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းမှာ စိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

“ဒဏ်ရာရရဲဘော်ရဲ့အခြေအနေက အခုလက်ရှိထိ စောင့်ကြည့်ရဦးမယ်။ ဆေး၀ါးကုသဖို့တော့ လိုအပ်နေပါတယ်။ ခွဲစိတ်ရမှာမလို့ပါ” လို့ မုံရွာခရိုင်တပ်ရင်း(၄)ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြော ပါတယ်။​

 

အဲဒီဖြစ်စဉ်အတွင်း အပြန်အလှန်ပစ်ခတ်မှုတွေရှိသလို ကျန်စစ်ကောင်စီတပ်သား သုံးဦးလည်း ဒဏ်ရာတွေရခဲ့​ပြီး MA 11 သေနတ် တစ်လက်၊ ၅.၅၆ ကျည် ၁၇ တောင့်၊ Carbine တစ်လက်၊ Carbine ကျည် ၂၅ တောင့်တို့ကို တော်လှန်ရေးအဖွဲ့ဘက်က သိမ်းဆည်းနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီယာဉ် မီးလောင်ပျက်စီးသွားတယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

“ပစ်ခတ်တာတော်တော်လေးဆူဆူညံညံလေးကြားလိုက်တာပဲ။ စက်မှုဇုန်ထဲရောက်လာတဲ့ ပတ်ကင်းကို ပစ်တာ” လို့ မုံရွာမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

တိုက်ခိုက်မှုဖြစ်စဉ်ပြီးတဲ့နောက် စက်မှုဇုန်အတွင်း နောက်ထပ်စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေတင်းကြပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

မေလ ၃၀ ရက်မှာလည်း မုံရွာမြို့ပတ်လမ်းမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ရာ နေရာမှာတင် လေးဦးသေဆုံးခဲ့​ပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)