ရွှေနဲ့ နိုင်ငံခြားငွေရောင်းဝယ်သူတွေကို ဖမ်းပေမဲ့ တက်ဈေးနဲ့သာငြိမ်

Author ကိုထားဝယ်
Categories
Published on Jun 04, 2024

စစ်ကောင်စီရဲ့ စီးပွားရေးမထိန်းကျောင်းတတ်လို့ ကျပ်ဈေးထိုးကျပြီး ရွှေနဲ့ နိုင်ငံခြားငွေဈေးတွေ အဆမတန်လာတာကို ထိန်းကျောင်းဖို့ လူဖမ်းတာတွေ အခုရက်ပိုင်းထဲ လုပ်ဆောင်လာခဲ့ပေမဲ့ ဈေးတွေသိသိသာသာမကျဘဲ တက်ဈေးနဲ့သာ ငြိမ်သက်နေဆဲဖြစ်ပါတယ်။

 

မေလ ၁၅ ရက်နေ့က စလို့ အမေရိကန် တစ်ဒေါ်လာ ၄၀၀၀ ကျပ်စကျော်လာခဲ့ပြီးနောက် မေ ၃၀ မှာ တစ်ဒေါ်လာ ၄၈၀၀ နီးပါးအထိ အမြင့်ဆုံး ထိုးတက်ခဲ့တာပါ။ အဲဒီနောက် ဇွန်လဆန်းပိုင်းထဲမှာ အနည်းငယ် ပြန်ကျလာပေမဲ့ တစ်ဒေါ်လာ ၄၃၀၀ ကျပ်အောက်ကို မဆင်းသေးတာပါ။ အဲဒီလိုပဲ တခြားပြည်တွင်းမှာအသုံးများတွေ နိုင်ငံခြားငွေကြေးတွေဟာလည်း လိုက်ပါမြင့်တက်လာပါတယ်။

 

အလားတူ ပြည်တွင်းရွှေဈေးဟာလည်း မေလ ၁၆ ရက်နေ့မှာ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၅၀ ကျော်ကိုစတင်ကျော်လာခဲ့ပြီး မေ ၃၀ ရက်မှာ ကျပ် ၅၈ သိန်းကျော်အထိ အမြင့်ဆုံးတက်ခဲ့ပါတယ်။ အခုရက်ပိုင်းထဲ အနည်းငယ်ပြန်ကျလာပေမဲ့ တစ်ကျပ်သား ကျပ် ၅၂ သိန်းခွဲအောက် မဆင်းသေးပါဘူး။

 

ဒီနေ့မှာလည်း အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ရှိနေဆဲဖြစ်သလို ပြည်တွင်းရွှေဈေးဟာလည်း ၁၆ ပဲရည် တစ်ကျပ်သား ၅၂ သိန်း ခြောက်သောင်းနဲ့ ဈေးစတင်ဖွင့်လှစ်လာခဲ့ပြန်ပါတယ်။

 

ဒါပေမဲ့ သက်ဆိုင်ရာ ဈေးကွက်တွေထဲမှာတော့ စစ်ကောင်စီ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ရဲတွေရဲ့ အဖမ်းအဆီးတွေကြောင့် အရောင်းအဝယ်ပြုလုပ်သူတွေ မရှိသလောက်ရှားနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ မေလ ၂၆ ရက်ကစလို့ အွန်လိုင်းစာမျက်နှာတွေနဲ့ ဝက်ဘ်ဆိုက်တွေကနေတစ်ဆင့် နိုင်ငံခြားငွေလဲလှယ်ရောင်းချတဲ့လုပ်ငန်း ၁၆ ခုနဲ့ဆက်စပ်သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

 

အဲဒီနောက် ဇွန်လ ၂ ရက်နေ့မှာ ရွှေလုပ်ငန်းရှင် ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် အောင်သမာဓိ၊ ဇွဲထက်တို့ရဲ့ ပိုင်ရှင်တွေအပါအဝင် နာမည်ကြီးရွှေလုပ်ငန်းရှင် ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

 

ဒါ့အပြင် မနေ့ ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင်(AD)ရထားတဲ့ ငွေလဲကောင်တာ(Money Changer)တွေက လူ ၁၁ ဦးကို ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့မညီဘူးဆိုပြီး ဖမ်းဆီးစစ်ဆေးဖို့လုပ်ဆောင်ခဲ့ပေမဲ့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်လာပါတယ်။