သာယာဝတီထောင်တွင်း သေဒဏ်ကျထားသူက ထောင်နှစ် ၁၀၀ နီးပါးချခံထားရသည့် LGBT နိုင်/ကျဉ်းကို မုဒိမ်းကျင့်ရန် ကြိုးပမ်း

Published on May 04, 2024

ပဲခူးတိုင်း၊ သာယာဝတီထောင်အတွင်း စစ်ကောင်စီ၏ ထောင်ဒဏ် နှစ်တစ်ရာနီးပါးချမှတ်ခံထားရသော LGBTQ+(လိင်စိတ်ခံယူချက်ကွဲပြားသူ)နိုင်ငံရေးအကျဉ်းသားတစ်ဦးသည် သေဒဏ်ကျ အမျိုးသား၏ မုဒိမ်းကျင့်ရန်ကြိုးပမ်းခြင်းခံခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

 

သာယာဝတီထောင်အတွင်း ရာဇဝတ်မှုဖြင့် သေမိန့်ကျခံထားရသော ကိုပြူးကြီးဆိုသူသည်   အသက်(၂၄)နှစ်အရွယ် နိုင်/ကျဉ်း ကိုရဲရင့်ကို(ခ)ရဲရဲကို ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မုဒိမ်းမှုကျူးလွန်ရန် ကြိးစားခဲ့ခြင်းဖြစ်ကြောင်း PPNM က ယနေ့ မေလ ၄ ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

 

ငြင်းဆန်သဖြင့် ကျောက်ခဲဖြင့်ဦးခေါင်းကို ရိုက်နှက်ခံခဲ့ရသည့်အတွက် ကိုရဲရင့်ကိုထံတွင် ဦးခေါင်းကွဲဒဏ်ရာရရှိခဲ့ပြီး ကိုးချက်အထိချုပ်ခဲ့ရသည်ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောသည်။

 

“မငြင်းဆန်ဘူးဆိုရင် ဘယ်သူမှ မသိလိုက်ဘဲ ဒီကိစ္စကြီးက ဒီတိုင်းပဲ ပြီးဆုံးသွားမှာပါ။ အခုလိုငြင်းဆန်တဲ့အတွက်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဦးခေါင်းကို ရိုက်နှက်ခံရတာဖြစ်တယ်။ ဒီလိုမျိုး ငြင်းဆန်တဲ့အတွက်လည်း ရဲရဲကို ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ LGBT တွေ၊ လွတ်မြောက်လာသူတွေအနေနဲ့ ဂုဏ်ယူတယ်။ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ” ဟု ၎င်းက ပြောသည်။

 

လက်ရှိ သာယာဝတီထောင်အတွင်း ကိုပြူးကြီးနှင့် ကိုရဲရင့်ကိုတို့ကို အခန်းခွဲထားကြောင်း သိရသည်။

 

ယခုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ကိုရဲရင့်ကိုနှင့် ထောင်တွင်း LGBT များအပေါ် အသက်အန္တရာယ်နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများစွာရှိနေသည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

 

ကိုရဲရင့်ကိုနှင့်ပတ်သက်သည့် နောက်ထပ်ဖြစ်စဉ်များဆက်လက်ဖြစ်ပေါ်လာပါက ထောင်တွင်းအာဏာပိုင်များအနေဖြင့် ယခုကိစ္စကို မျက်ကွယ်ပြုထားသည့်အပြင် အားပေးအားမြှောက်ပြုနေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။

 

ကိုရဲရင့်ကိုသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၁(ဂ)၊ ပုဒ်မ ၅၄၊ ပုဒ်မ ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ်(၉၆)နှစ်ကျခံရန် ၂၀၂၂ ခုနှစ် အမိန့်ချခံရပြီးနောက်ပိုင်း အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

 

ဓာတ်ပုံ – အောင်ခန့်ဇော်