မြဝတီ လဝကရုံးတွင် ငါးသောင်းကျပ်ဖြင့် UID အမြန်လက်မှတ် BGF ပြုလုပ်ပေး

Author လင်းနွေဦး
Categories
Published on May 04, 2024

စစ်ကောင်စီ မြဝတီမြို့လဝကရုံးတွင် ကရင်နယ်ခြားစောင့်တပ်(BGF)က ထိုင်း-မြန်မာနယ်စပ် တံတားမှတစ်ဆင့် ထိုင်းသို့တရားဝင်ကူးရန် မဖြစ်မနေလိုအပ်သည့် စမတ်ကတ်(ခေါ်)UID လက်မှတ်ကို အမြန်စနစ်ဖြင့်ပြုလုပ်ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ သိရသည်။

 

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ်(၁)တံတားမှကူးပါက ပြသရမည့် UID လက်မှတ်တစ်စောင်လျှင် ငါးသောင်းကျပ်နှုန်း ကရင်အမျိုးသားတပ်(KNA)ဟုနာမည်ပြောင်းထားသည့် BGF ကကောက်ခံနေသည့်အပြင် အခြားဆက်စပ်စီးပွားရှာမှုများလည်းပြုလုပ်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ စုံစမ်းသိရှိရသည်။

 

မေလ (၁) ရက်နေ့မှစတင်ကာ Unique Identification Number(UID)ခေါ် Smart Card ပါရှိမှသာ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာထားသည်။

 

ယခုအခါ ထို UID ကတ်များပြုလုပ်ရန် BGF က ကြားဝင်လုပ်စားမှုများရှိနေခြင်းဖြစ်ကြောင်း ယနေ့ မေ ၄ ရက် နံနက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

 

“လ.ဝ.က ရုံးထဲမှာပဲ သူတို့(BGF)တွေက ဘယ်လိုပြောရမလဲ အမြန်ကြေးပေါ့။ ပုံမှန် တန်းစီပြီးလည်း လုပ်လို့ရပေမဲ့ တန်းစီလုပ်ရတာက တအားကြာတယ်လေ။ အဲဒီမှာတင် အမြန်လုပ်ပေးတဲ့ပုံစံပေါ့။ မြန်မာငွေ ငါးသောင်းပေးရတယ်။ တန်းစီစရာမလိုဘူး” ဟု အသက် ၂၅ နှစ်အရွယ် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

သို့သော် UID လက်မှတ်ရရှိရန် ငါးသောင်းကျပ်ပေးဆောင်ရုံဖြင့် လုပ်ငန်းစဉ် မပြီးဆုံးသေးဘဲ စာရင်းတင်ထားသည့် ဖောင်စာရွက်ကို ထပ်ထားသည့်အဆင့်တွင် လဝကရုံးရှိ အရပ်ဝတ် စာရေးမတစ်ဦးကို ငါးထောင်ကျပ် ထပ်မံပေးဆောင်မှသာ မိမိ၏ ဖောင်စာရွက်ကို ချက်ချင်းဆွဲထုတ်၍ တံဆိပ်တုံးထုပေးခြင်း၊ လက်ဗွေနှင့် မျက်လုံးစကန်(Scan)ဖတ်ခြင်း စသည့်ကတ်ထုတ်ပေးရေးလုပ်ငန်းများကိုကို ဆက်လက်ဆောင်ရွက်ပေး၍ အချိန်ခေတ္တစောင့်ဆိုင်းပြီးမှသာ A4 စာရွက်(UID)ကတ်ရရှိကြောင်း ၎င်း၏ အတွေ့အကြုံကို မျှဝေသည်။

 

“အဲဒီ A4 စာရွက်ပေါ်မှာတောင် အပြည့်မဟုတ်ဘူး။ သုံးပုံတစ်ပုံမှာပဲ အချက်အလက်တွေပါတာ။ အဲဒါကို ပြန်ချုံ့ပြီး ပလတ်စတစ်လောင်းရမယ်ဆိုလို့ အဲဒီလဝကရုံးဝင်းထဲမှာပဲ တဲထိုးပြီး ဖွင့်ထားတဲ့ မိတ္တူဆိုင်မှာ ၂၅၀ဝ ပေးပြီးလုပ်ခဲ့ရတယ်။ အဲဒီဆိုင်တွေကလည်း သူတို့ (BGF)တွေပဲ မနေ့တစ်နေ့ကမှ အမြန်လုပ်ပြီး ဖွင့်ထားတာတွေ” ဟု အဆိုပါအမျိုးသားက ထပ်မံပြောဆိုသည်။

 

အမြန်ကြေးဖြင့် မလုပ်နိုင်ဘဲ တန်းစီစနစ်ဖြင့် ပုံမှန်အတိုင်းလုပ်ဆောင်သူများသည် လဝကရုံးဝန်းအတွင်း တစ်ဆိုင်တည်းရှိသည့် ယာယီဆိုင်ထံမှ မတန်တဆဈေးနှုန်းများဖြင့် ရေနှင့် အစားအစာများ ဝယ်ယူစားသုံးနေရသည်ဟု သိရသည်။

 

“တစ်လီတာမပြည့်တဲ့ ရေသန့်ဘူးလတ်တစ်ဘူး ၁၅၀ဝ ကျပ်၊ ကြာဇံသုပ်၊ ခေါက်ဆွဲသုပ် တစ်ပွဲ ၂၅၀ဝ၊ ဘောပင်တစ်ချောင်း ၁၀ဝ၀ ဆိုပြီး ရောင်းနေကြတာ။ လူတွေက ဝင်ပြီးရင် အပြင်ပြန်မထွက်ရဘူးလေ။ ပြန်ထွက်မယ်ဆို အစက ပြန်တန်းစီရမှာဆိုတော့ အဲဒီကနေပဲ ဝယ်စားနေရတာ” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

 

စစ်ကောင်စီလဝကရုံး၏ လုပ်ငန်းစဉ်ကြန့်ကြာမှုများ၊ လာဘ်စားမှုများနှင့် ပြုလုပ်သူများပြားခြင်းတို့ကြောင့် UID ကတ်မှာ နေ့ချင်းပြီးမရပေ။

 

ထို့ကြောင့် ထိုင်းနိုင်ငံဘက်မှ လာရောက်ပြုလုပ်သူများအနေဖြင့် မြဝတီမြို့တွင်း ပိတ်မိကာ နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် ကွန်းခိုရသကဲ့သို့ ငွေကြေးတတ်နိုင်သူများအနေဖြင့် ဟိုတယ်နှင့် တည်းခိုခန်းများတွင် နေထိုင်ကြသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

ပြီးခဲ့သည့် ဧပြီ တတိယပတ်အတွင်း KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက်ပိုင်းမှစတင်၍ လက်ရှိအချိန်ထိ မြဝတီမြို့ကို BGF တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည်။

 

ပုံစာ – စစ်ကောင်စီ လဝကရုံးတွင် BGF က အမြန်ပြုလုပ်ပေးသည့် UID ကဒ်ကိုမြင်တွေ့ရစဉ်