သစ်ပင်ရှင်း၊ အပြစ်ရှာမှာကြောင့် ဖားကန့်တစ်မြို့လုံး ခြောက်ရက်မီးပြတ်မယ်

Author အညာသား
Categories
Published on May 04, 2024

ကချင်ပြည်၊ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်းတစ်လျှောက် သစ်ပင်သစ်ကိုင်းတွေရှင်း၊ ဓာတ်အားအပြစ်ရှာမှာကြောင့် မေ ၃ ကနေ ၈ ရက်အထိ ခြောက်ရက်ကြာ ဖားကန့်တစ်မြို့နယ်လုံး လျှပ်စစ်ဓာတ်အားပြတ်တောက်မယ်လို့ အဲဒီမြို့နယ် လျှပ်စစ်ဌာနက ထုတ်ပြန်ပါတယ်။

 

၆၆ ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်း (၅၅)မိုင်တလျှောက် တောခုတ်ရှင်းလင်းတာအပြင် ဓာတ်အားလိုင်း အပြစ်ရှာဖွေတဲ့လုပ်ငန်းတွေပါ တစ်ပါတည်း လုပ်ဆောင်မှာကြောင့် ခြောက်ရက်အတွင်း နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ နေ့စဉ် ဖားကန့်တစ်မြို့လုံး ဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ဖားကန့်မြို့က System Grid Line ရဲ့ အစွန်းမြို့ဖြစ်တဲ့အတွက် ဖားကန့်-မိုးကောင်းကြား မပြတ်ပေမဲ့ ကချင်ပြည်နယ်က တခြားမြို့တစ်ခုနဲ့ တစ်ခုကြား လိုင်းအပြစ်ဖြစ်ပေါ်ခဲ့ရင်လည်း ဓာတ်အားပြတ်တောက်တတ်ပါတယ်ခင်ဗျ။ အခုလိုပြင်ဆင်ဆောင်ရွက်တာကလည်း မိုးတွင်းကာလတစ်လျှောက် လိုင်းကျတာတွေ၊ ဓာတ်အားပြတ်တောက်မှု အကြိမ်ရေ လျော့နည်းသွားအောင်လို့ ကြိုတင်ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ဖားကန့်မြို့နယ် လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

မေလ ၈ ရက်နေ့အထိ မီးပြတ်မယ်လို့ လျှပ်စစ်ဌာနက ထုတ်ပြန်ထားပေမဲ့ အဲဒီက ဝန်ထမ်းကတော့ ဘယ်တော့ လျှပ်စစ်မီးပြန်ပေးမယ်ဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။

 

“လုံးခင်း၊ မှော်စီစာဘက်မှာ မနက်ခြောက်နာရီမထိုးခင်လောက်ကတည်းက မီးပျက်သွားတယ်။ ကချင်ပြည်နယ်က မိုးများပြီး ချုံနွယ်ထူထပ်တဲ့အတွက် မိုးတွင်းမှာ တစ်ခါတည်း ပြီးမြောက်အောင် အတတ်နိုင်ဆုံး ဓာတ်အားလိုင်းပြတ်တောက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်” လို့ လုံးခင်းမြို့ခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နဲ့ မေ ၂ ရက်နေ့မှာ ၆၆ ကေဗီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားပြီး ဖားကန့်မြို့နယ်အတွင်း ဓာတ်အားပြတ်တောက်ခဲ့ပါသေးတယ်။

 

ရေအားလျှပ်စစ်ကို အားပြုဓာတ်အားဖြန့်ဝေတဲ့ မြန်မာနိုင်ငံမှာ ခြောက်သွေ့ရာသီရောက်တာနဲ့ လျှပ်စစ်မီးပုံမှန်ပေးနိုင်ဖို့ ရုန်းကန်နေရတာပါ။ အခု စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ ပိုမိုဆိုးရွားလာခဲ့ပြီး အခုနွေရာသီကာလမှာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေအပါအဝင် တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီး နာရီပိုင်းသာ ရရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ESE HpaKhant