ပဲခူးတိုင်းတွင် စစ်မှုထမ်းအပတ်စဥ် (၂) အတွက် နေအိမ်များထိ လိုက်လံဖမ်းဆီးခြင်းများရှိနေ
ပဲခူးတိုင်းတွင် စစ်မှုထမ်းအပတ်စဥ် (၂)အတွက် ဧပြီ ၂၀ ရက်နေ့မှ စတင်ကာ တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခြင်း ၊ မတရားလိုက်လံ ဖမ်းဆီးခြင်းများ ပြုလုပ်ကာ စစ်ဆေးရုံများသို့ ခေါ်ဆောင်သွားပြီး ဆေးစစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။
ပဲခူးတိုင်းတွင် စစ်မှုထမ်းအပတ်စဥ် (၁) ကို အုတ်တွင်းမြို့နယ် အခြေစိုက် အမှတ် (၆) တန်းမြင့်သင်တန်းကျောင်းတွင် သင်တန်းဖွင့်လှစ်ခဲ့ပြီး စစ်မှုထမ်းအပတ်စဥ် (၂) တွင် စစ်မှုထမ်းသင်တန်း တက်ရောက် မည့်သူများကို တောင်ငူ၊ အုတ်တွင်း၊ ပန်းတောင်း စသောမြို့နယ်များရှိ စစ်ဆေးရုံများတွင် ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိမ်းရှောင်သူများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” ပထမ တစ်ကြိမ်တုန်းက မဲနှိုက်ထားတာ ကျွန်တော်တို့တော့ မပါခဲ့ဘူး၊ အဲ့တစ်ကြိမ် မဲပါပြီး လိုက်ရတာရှိကြတယ် ၊ တချို့တော့ ဆေးစစ်ဖို့ဆိုပြီး ခုအမှတ်စဥ် (၂) အတွက်ဖြစ်မယ် လာခေါ်သွားတာရှိတယ် ၊ အရင်တစ်ကြိမ်တည်းက ကျွန်တော်တို့ကတော့ အဝေးမှာပဲ ရှောင်နေခဲ့ကြတယ်” ဟု တောင်ငူမြို့နယ် ဒေသခံတဦး ကပြောသည် ။
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့၀င်များက ဒေသခံများအပေါ် အတင်းအကြပ် ဖမ်းဆီးခြင်းများပါ လုပ်ဆောင်နေကြောင်း ၊ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များထံ တပ်သားအဖြစ် ရွေးချယ်၀င်ရောက်လာသူများပါ ရှိကြောင်း သာယဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၄ UGF OKPO တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ခုက အုတ်ဖိုမြို့နယ်က အဆိုးဆုံး ဖြစ်နေတယ် စစ်သားစုဆောင်းတာ ၊ ခုလုပ်နေတာတွေ ရှိနေတယ် ၊ စခ အုပ်စုက လုပ်နေတာ အတင်းပေါ်တာစွဲ နေတာ တစ်မြို့နယ်လုံးအတိုင်းတာနဲ့ ဆိုရင် ၂၀၀ ကျော်ပြီ” ဟု ၄င်းကပြောသည်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) UGF OKPOထံ အုတ်ဖို့မြို့နယ်အတွင်းမှ တပ်သားအဖြစ် ရွေးချယ်၀င်ရောက်လာသူ ၅၀ ကျော်ရှိကြောင်း ၊ ၄င်းတို့ကို အခြေခံ စစ်သင်တန်းအပတ်စဥ် (၇) စတင်ပေးဆောင်နေပြီ ဖြစ်ကြောင်း ဆက်လက်ပြောသည်။
ထို့အပြင် စစ်မှုထမ်းဥပဒေကြောင့် ပြည်ခရိုင် တပ်ရင်း တာဝန်ခံထံသို့ တပ်သားအဖြစ် ဆက်သွယ်၀င်ရောက်လာသူ အများအပြားရှိကာ စိစစ်လက်ခံနေဆဲဖြစ်ပြီး ထပ်မံ ဆက်သွယ်လာသူများစွာ ရှိနေကြောင်း သိရသည်။
စစ်မှုထမ်း အပတ်စဉ် (၂) အတွက် တိုင်းနှင့် ပြည်နယ်အချို့တွင် စစ်ကောင်စီက လူသစ်စုဆောင်းရာ၌ အပတ်စဥ် (၁) ကဲ့သို့ ကြိုတင် အကြောင်း မကြားဘဲ အိမ်သို့ ရုတ်တရက် လာရောက်၍ တပါတည်း ခေါ်ဆောင်ခြင်း၊ လမ်းသွားလမ်းလာ လူငယ်များ ကို ဖမ်းဆီး ခေါ်ဆောင် နေခြင်း များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။