ယောဟူသော ဝိသေသလက္ခဏာကို ကိုင်စွဲကာ ယောတို့ရဲ့ ရပ်တည်ခွင့်အတွက် တိုက်ပွဲဝင် သွားမယ်လို့ ယောတပ်တော်ဆို

မကွေးတိုင်း ယောဒေသရှိ ယောတပ်တော် (YA) က ယောဆိုတဲ့ ဝိသေသလက္ခဏာကိုကိုင်ဆွဲပြီး ယောတို့ရဲ့ ရပ်တည်ခွင့်(အနိမ့်ဆုံးယောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) အတွက် တိုက်ပွဲဝင်သွားမယ်လို့ မတ်လ ၃ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဖယ်ဒရယ်ဟူသော အနှစ်သာရကို သေချာရှင်းလင်းနားလည်သဘောပေါက်ပြီး တန်းတူညီမျှစွာ ရပ်တည်ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အရေးကြီးသလို ယောတပ်တော်တစ်ခုထဲအဖြစ် စုပေါင်းနိုင်မှုဟာ ယောအမျိုးသားတည် ဆောက်ရေး၊ ညီညွတ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ယောဒေသအတွင်းမှာ ယောလူမျိုး၊ တောင်သားလူမျိုး၊ ချင်းပုံလူမျိုးတွေဟာ ယောဆိုတဲ့ ဝိသေသလက္ခဏာကို အတူတကွသုံးစွဲရပ်တည်ကြတဲ့ လူမျိုးတွေဖြစ်ပြီး နှစ်ကာလများစွာ စည်းစည်းလုံးလုံး အတူနေထိုင်ခဲ့ကြရာ လက်ရှိတော်လှန်ရေးမှာလည်း တသားတည်း တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။
ဒါကြောင့် လွတ်မြောက်မှုကို လက်တွေ့ကျကျဖော်ဆောင်ဖို့အတွက် ယောဒေသတွင်းရှိ တော်လှန်ရေးတပ်များ ပိုမိုရင်ဘတ်ချင်းနီးပြီး ကျောချင်းကပ်ကြရမည့်အချိန်လည်း ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်က ဆိုထားပါတယ်။
မတ်လ ၂ ရက်နေ့က ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကလည်း ယောတပ်တော်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်း ဖျက်သိမ်းနောက်တစ်နေ့မှာ အခုလိုအသိပေးလာပဲဖြစ်ပါတယ်။
ယောတပ်တော် YA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စတင်ကာ ယောဒေသတွင်းမှာ တစ်ခုထဲသော ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားဖို့ ဒေသတွင်းအင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဖိတ်ခေါ်ထားခဲ့တာပါ။
အဲဒီနေ့မှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂန့်ဂေါတပ်ရင်း (ယောဒေသ) – PDF-Gangaw Battalion (YAW REGION) ကလည်း ယောတပ်တော်(YA) နဲ့အတူ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ယောတပ်တော်အနေနဲ့ ဒေသတွင်းယောတော်လှန်ရေးတပ်ဖွဲ့တွေ အင်အားစုတွေနဲ့ ပေါင်းစည်းထားနိုင်ပြီ ဖြစ်သလို တစ်ခုတည်းသော ယောတပ်တော်အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက် ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချ ရေးအပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ယော ဆိုတဲ့ ဝိသေသလက္ခဏာကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယောဒေသမှာ NUG MoD ရဲ့လက်အောက်ခံ ခရိုင်တပ်ရင်း ၁၉ ရင်းရှိခဲ့ပြီး လက်ရှိမှာ နုတ်ထွက်တာတွေ ဖျက်သိမ်းတာတွေ ရှိနေပြီး ခရိုင်ဘက်ကတော့ ဖျက်သိမ်းတာမျိုးမရှိပဲ ပြန်လည်အစားထိုးခန်အပ်တာတွေ စုဖွဲ့တာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ယောဒေသအတွင်း နယ်မြေစိုးမိုးမှုရလာချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို အခြေပြုပြီး ပကဖ၊ ပအဖ၊ ပလဖ ယန္တရားများနဲ့ အုပ်ချုပ်ရေး စတင်အကောင်အထည်ဖော်လာကြပြီး ရည်ရွယ်ချက်ကောင်းပေမဲ့ ဗဟိုချုပ်ကိုင်မှုကိုသာ မှီခိုနေရတာကြောင့် လိုအပ်ချက် ကွာဟချက်တွေရှိခဲ့တယ်လို့ ဇန်နဝါရီ ၁ ရက်နေ့က YA ကနေ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လူပုဂ္ဂိုလ်ပုံရိပ်တည်ဆောက်ခြင်း၊ လုပ်ပိုင်ခွင့်အာဏာတည်ဆောက်ခြင်းတွေကြောင့် ပွတ်တိုက်မှုတွေရှိခဲ့ပြီး ပကတိအရှိတရား တွေရဲ့ လိုအပ်ချက်တွေ ဖြည့်စွက်နိုင်အောင် စစ်ရေးနိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ယောတပ်တော် YA ကိုဖွဲ့စည်းတည်ထောင်ခဲ့တာလို့ ဆိုပါတယ်။
ယောဒေသအတွင်း အနိမ့်ဆုံး ယောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖော်ဆောင်သွားဖို့အပါအဝင် အန္တိမပန်းတိုင် လေးရပ်ကိုလည်း ထုတ်ပြန်ထားပါတယ်။
အခုအချိန်မှာ ဂန့်ဂေါခရိုင်ကို ယောဒေသလို့ ခေါ်ဆိုနေကြပေမဲ့ ယောဟုခေါ်ဝေါ်သုံးဆွဲနေကြပြီး ဘာသာစကား ဓလေ့ထုံးတမ်းများတူညီနေဆဲဖြစ်တဲ့ လက်ရှိယောဒေသရှိမြို့တွေဟာ ဂန့်ဂေါမြို့၊ ထီးလင်းမြို့၊ ဆောမြို့၊ ကျောက်ထုမြို့၊ လောင်းရှည်မြို့ နဲ့ ကျောမြို့တို့ဖြစ်တယ်လို့လည်း ယောတပ်တော် YA ကဆိုထားပါတယ်။
ဓာတ်ပုံ – YA