ချင်းမိုင်မြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ယူနက်စကိုအဖွဲ့ စစ်ဆေးမယ်

Author CJ Platform
Categories
Published on Feb 04, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့အတွက် ယူနက်စကို (UNESCO) လေ့လာရေးအဖွဲ့က လာမယ့် ဇွန်လအတွင်းမှာ လာရောက်စစ်ဆေးဖို့ ရှိနေတယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။

ချင်းမိုင်မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ဖို့ အဆိုပြုလွှာ အထောက်အထားအချက်အလက် အပြည့်အစုံကို အခုနှစ်ဆန်းပိုင်းမှာ တင်ပြခဲ့ပြီးနောက် ယူနက်စကိုက လာရောက်စစ်ဆေးဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ ချင်းမိုင်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ (PAO) ဥက္ကဋ္ဌ Mr. Pichai Letpongadisorn ကလည်း မနေ့က ဖေဖော်ဝါရီ ၃ ရက်မှာ အတည်ပြု ပြောကြားထားပါတယ်။

ချင်းမိုင်မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်နိုင်ဖို့အတွက် ချင်းမိုင် PAO က ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယူနက်စကို လေ့လာသူတွေအနေနဲ့ ချင်းမိုင်ရဲ့ ရှေးအကျဆုံးဘုရားကျောင်းဖြစ်တဲ့ ဝပ်ချင်းမန်း (Wat Chiang Man)၊ မြို့လယ်မှာရှိတဲ့ ဝပ်စေတီလွန်း (Wat Chedi Luang)၊ ဒွိုင်စုထက်ပ်တောင်ပေါ်မှာရှိတဲ့ ဝပ်ဖရာသတ်ဒွိုင်စုထက်ပ် (Wat Phra That Doi Suthep) တို့အပါအဝင် နေရာ ၈ ခုကို ကနဦး လေ့လာစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီလုပ်ငန်းစဉ်အတွက် ချင်းမိုင် PAO အဖွဲ့က ထိုင်းဘတ်ငွေ ၅ သန်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သုတေသနနဲ့ ရန်ပုံငွေရှာဖွေရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ သုတေသနပညာရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေကလည်း ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ချင်းမိုင် PAO ဥက္ကဋ္ဌ Mr. Pichai ကလည်း ပြောပါတယ်။

 

လာမယ့် ဇွန်လမှာ ယူနက်စကို လေ့လာရေးအဖွဲ့က စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ရင် အမွေအနှစ်စာရင်းဝင် သတ်မှတ်ချက်နဲ့ပတ်သက်ပြီး တရားဝင်ဆုံးဖြတ်ချက်ကို အခုနှစ်ကုန်ပိုင်းမှာ သိရနိုင်ဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်တဲ့ ချင်းမိုင်မြို့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့ရင် မြို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးပိုင်းမှာ ပိုမိုအားကောင်းလာစေမယ့်အပြင် ချင်းမိုင်မြို့ရဲ့ စီးပွားရေးနဲ့ ခရီးသွားလာမှုကဏ္ဍပိုင်းကိုလည်း ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားနိုင်မှာ ဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေကလည်း ပြောပါတယ်။

 

ဓာတ်ပုံ –  Khaosod ၊ Wikipedia