မင်းလက်ပံဒေသခံတွေ သောင်းရင်းမြစ်ကမ်းဘေးကို ကြိုတင်စစ်ရှောင်လာလို့ ထိုင်းက နယ်စပ်လုံခြုံရေးတင်းကြပ်
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာက ဒေသခံ ၅၀၀ နီးပါး သောင်းရင်းမြစ်ကမ်းဘေးကို စစ်ရှောင်လာကြတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တင်းကြပ်ထားတယ်လို့ ထိုင်းသတင်းဌာန ThaiPBS North က ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ရေးတင်းမာမှုတွေ ပိုမိုအရှိန်မြင့်လာပြီး တိုက်ပွဲကြီးဖြစ်နိုင်ခြေရှိတာကြောင့် ဒေသခံပြည်သူတွေ ကြိုတင်စစ်ရှောင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့တွေကလည်း ကြိုတင်သတိပေးထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ ကော့မနောင်တစ်ဖက်ကမ်း သောင်းရင်းမြစ်ကမ်းဘေးမှာ ယာယီတဲထိုးနေထိုင်ကြသူ အများအပြား ရှိလာနေချိန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးနိုင်ဖို့ ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်အထူးတပ်ဖွဲ့တွေကလည်း နယ်စပ်လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

မြဝတီမြို့အနီး စစ်ရေးတင်းမာနေချိန် စစ်အုပ်စု အမှတ် (၂၇၅) ခြေလျင်တပ်ရင်း တပ်ဖွဲ့ဝင်တွေက စစ်ကားအစီးရေ ၃၀ ကျော်နဲ့ မေတ္တာမြိုင်ရွာဘက်ကနေ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနဲ့ ဖလူးလေးရွာဘက်ကို ဦးတည်လာနေတယ်လို့ ကရင်ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Karen Information Center (KIC) ကလည်း ဒီနေ့ ညနေပိုင်းမှာ ဖော်ပြလာပါတယ်။
တိုက်ပွဲကြီးဖြစ်လာနိုင်တယ်လို့ဆိုကာ ဒေသခံပြည်သူတွေကို KNU လက်အောက်ခံတပ်ဖွဲ့တွေက ကြိုတင်စစ်ဘေးရှောင်ခိုင်းမှု အခြေအနေနဲ့ပတ်သက်ပြီး KNU သတင်းပြန်ကြားရေးတာဝန်ခံ ပဒိုစောတောနီးကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – ThaiPBS North
