မုံရွာမြို့နယ်က မီးဘေးစစ်ရှောင်ရှိရာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့  ၂ဦးသေ

Author CJ Platform
Categories
Published on Feb 04, 2026

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာမှာ စစ်ရှောင်တွေ ခိုလှုံနေထိုင်နေရတဲ့  ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်ဒေသခံ ၂ ဦး သေဆုံးတယ်လို့ Monywa Revolution – MR ဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ သက္ကယ်ကျင်းကျေးရွာက ဘုန်းကြီးကျောင်းကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ပါရာမော်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ရှောင် ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“သက္ကယ်ကျင်းရွာ မီးရှို့ခံရတဲ့ မီးဘေးသင့် စစ်ရှောင်တွေပါဗျ။ သေဆုံးသူက သားအဖနှစ်ဦး ၁၈ နှစ်နဲ့ ၅၀ ဝန်းကျင်အရွယ်ပါ” လို့ Monywa Revolution – MR က တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် ဗုံးခိုကျင်းတွေ ပြုလုပ်ကြဖို့နဲ့ ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီးတွေ ပျံသန်းလာတဲ့အခါမှာလည်း အပြင်ကို ထွက်ကြည့်တာတွေ မပြုလုပ်ဘဲ ဗုံးခိုကျင်းအတွင်းနဲ့ ခိုင်မာသော နေရာတွေမှာသာ နေထိုင်ကြဖို့ Monywa Revolution – MR က ထပ်မံအကြံပြု ပြောကြားခဲ့ပါတယ်။

 

ဒီကနေ့ လေကြောင်းတိုက်ခိုက်ခဲ့ရတဲ့ သက္ကယ်ကျင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လအတွင်းက စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူ ဒေသခံအများစု နေထိုင်ရာ နေရာဖြစ်ပါတယ်။

 

သက္ကယ်ကျင်းကျေးရွာဟာ အိမ်ခြေ ၉၀၀ ခန့်ရှိပြီး စစ်အုပ်စုက ၂၀၂၄ မတ်လ ဒုတိယပတ်အတွင်းမှာ အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းကြောင့် ဒေသခံနေအိမ် ၄၀၀ ခန့် ဆုံးရှုံးခဲ့တဲ့အပြင် အသက် ၈၀ ကျော် အဖွားတစ်ဦးနဲ့ အရပ်သား ၄ ဦး မီးလောင်သေဆုံးခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – Monywa Revolution – MR