အတုယောင် အစိုးရအသစ်တက်လာချိန်မှာလည်း ပြည်သူတွေကို နိုင်ငံလုံခြုံရေးအကြောင်းပြပြီး ဖမ်းဆီးနိုင်ဖို့ ‘နိုင်လွတ်လုံ’ ဥပဒေကို စစ်အုပ်စု ပြင်ဆင်
စစ်အုပ်စုဟာ သူတို့ရဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမယ့် အစိုးရသစ်လက်ထက်မှာလည်း ပြည်သူတွေကို တရားလက်လွတ်ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ‘နိုင်လွတ်လုံ’ ဥပဒေလို့ခေါ်တဲ့ ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ’ ကို ပြန်လည်ပြင်ဆင်လိုက်တယ်လို့ မနေ့က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ နိုင်လွတ်လုံဥပဒေကို စစ်အုပ်စုက သူတို့ အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဥပဒေအတွင်း ပါဝင်တဲ့ ပြည်သူတွေကို တရားမဲ့မဖမ်းဆီးနိုင်ရေး ကာကွယ်ပေးဖို့နဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ ဝင်ရောက်ရှာဖွေတာ၊ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ မပါဝင်ဘဲ တရားမဲ့ဝင်ရောက် ဖမ်းဆီးရှာဖွေတာကို မလုပ်ဆောင်နိုင်ဖို့ တားမြစ်ထားတဲ့ ပုဒ်မ ၅၊ တရားရုံးရဲ့ အမိန့်မရဘဲ ပြည်သူတွေကို ၂၄ နာရီကျော်လွန် ချုပ်နှောင်ထားခွင့်မရှိတဲ့ ပုဒ်မ ၇၊ ပြည်သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို အကြောင်းမဲ့ ချိပ်ပိတ်သိမ်းဆည်းမှုတွေ၊ နောက်ယောင်ခံ လိုက်လံကြည့်ရှုမှုတွေ၊ ဖုန်းခေါ်ဆိုမှုကနေအစ ကိုယ်ရေးကိုယ်တာလုံခြုံရေးဆိုင်ရာတွေကို တောင်းယူကြည့်ရှုမှုတွေ မလုပ်ဆောင်နိုင်အောင် တားမြစ်ထားတဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။
လက်ရှိ ပြင်ဆင်လိုက်တဲ့ နိုင်လွတ်လုံဥပဒေပါ ဥပဒေပုဒ်မသုံးခုထဲက ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) နဲ့ ပုဒ်မ ၈ ခြေဆင်းတို့ကို စစ်အုပ်စုက ဖြည့်စွက်ပြင်ဆင်ကြောင်း ထုတ်ပြန်ထားပေမယ့် ရပ်ဆိုင်းတဲ့အထဲမှာ ပါဝင်တဲ့ ပုဒ်မ ၇ ကိုတော့ ပြင်ဆင်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
စစ်အုပ်စု ပြင်ဆင်လိုက်တဲ့ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) နဲ့ ပုဒ်မ ၈ ခြေဆင်းမှာ လူတစ်ဦးတစ်ယောက်ကို ရှာဖွေဖမ်းဆီးပါက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အများပြည်သူအေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ပါက သက်သေမပါဘဲ၊ ခွင့်ပြုချက် ဝရမ်းမပါဘဲ ရှာဖွေဖမ်းဆီးခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ဖြည့်စွက်ပြင်ဆင် ဖော်ပြထားပါတယ်။
ဒါဟာ စစ်အုပ်စုက ဖွဲ့စည်းပေးမယ့် အစိုးရသစ်တက်လာချိန်မှာလည်း ပြည်သူတွေကို နိုင်ငံတော်လုံခြုံရေး အကြောင်းပြပြီး အကြောင်းမဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားမှုလည်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ဒီဥပဒေတွေကို လွှတ်တော်ဖွဲ့စည်းတာ မဆောင်ရွက်နိုင်သေးခင်အချိန်အထိ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို စစ်အုပ်စုက ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမယ်လို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူအလိုကျ ဖွဲ့စည်းမယ့် အစိုးရသစ် မပေါ်ထွက်လာခင်မှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီး ဒါဟာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌအဖြစ် သူကိုယ်တိုင် ရယူကာ စစ်ဘက်ဆိုင်ရာ ရာထူးအပြင် နိုင်ငံရေးရာထူးကိုပါ ရယူဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ဓာတ်ပုံ – AFP
