ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကို အလေးမပြုတာဟာ တိုင်းပြည်ချစ်စိတ် အားနည်းတာလို့ မင်းအောင်လှိုင် ပြော

Author CJ Platform
Categories
Published on Feb 04, 2026

အများပြည်သူ အပန်းဖြေရာ ရုပ်ရှင်ရုံအချို့မှာ နိုင်ငံတော်အလံကို အလေးမပြုကြဘဲ တိုင်းပြည်ချစ်စိတ် အားနည်းတာကို တွေ့နေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် စစ်အုပ်စုဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။

 

စစ်အုပ်စု ကာကွယ်ရေးတက္ကသိုလ်မှာ သင်တန်းတက်ရောက်နေတဲ့ နည်းပညာအရာရှိတွေ၊ သင်တန်းသားတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဖေဖော်ဝါရီ ၃ ရက်မှာ Video Conferencing ကနေတစ်ဆင့် တွေ့ဆုံချိန် နိုင်ငံသားတွေအနေနဲ့ နိုင်ငံချစ်စိတ် အားနည်းနေတာကို တွေ့နေရတယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။

 

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေထဲမှာ ဖော်ပြထားမှုတွေအရ ရုပ်ရှင်ရုံအချို့မှာ နိုင်ငံတော်အလံကိုပင် အလေးပြုတာ၊ နိုင်ငံတော်သီချင်း သီဆိုတာမျိုး မရှိကြတာကို သိရှိနေရကြောင်းနဲ့ ဒါဟာ နိုင်ငံသားတွေအနေနဲ့ တိုင်းချစ်ပြည်ချစ်စိတ် အားနည်းနေတာကို တွေ့နေရတယ်လို့ စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် နိုင်ငံသားတွေဟာ တိုင်းပြည်ချစ်စိတ်ကို ထားရှိရာမှာ လူပုဂ္ဂိုလ်စွဲတွေ ရှိနေကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပြီး နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ အမျိုးသားရေးလက္ခဏာ၊ အထိမ်းအမှတ်တံဆိပ်၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့ကို အထွတ်အမြတ်ထားပြီး မှန်ကန်တဲ့ တိုင်းပြည်ချစ်စိတ်ရှိဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

 

ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ မပြုခြင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အများပြည်သူ အပန်းဖြေရာ ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကို မဖြစ်မနေ အလေးပြုခိုင်းမှုအပေါ် ဝေဖန်မှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်