ဝက်လက်မြို့နယ်မှာ ကျေးရွာ ပအဖ ခေါင်းဆောင်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၃ရက်နေ့ ည ၈နာရီခန့်က ဒေသခံတစ်ဦးကို ကျေးရွာ ပအဖ ခေါင်းဆောင်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ CJ Platform က စုံစမ်း သိရှိရပါတယ်။
ဝက်လက်မြို့နယ် ဝက်လူးအိုင်ကျေးရွာ အလှူပွဲမှာ ကျေးရွာ ပအဖ ခေါင်းဆောင်ဖြစ်သူနဲ့ သူ့ရဲ့ ယောက်ဖတော်စပ်သူ အသက် ၅၀ခန့် အမျိုးသားဟာ အတူတူ သောက်စားရင်း အငြင်းပွားရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ပစ်တာက ဝက်လူးအိုင် ပအဖက ပြည်သူကို ပစ်တာ ၊ ပအဖက သေနတ်ကိုင်ခွင့် မရှိဘူးဗျ၊ ပစ်ခံရသူကတော့ တောတွင်း ဆေးရုံတစ်နေရာမှာပဲ သေသွားပြီ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်စဉ်အပြီး ကျေးရွာ ပကဖ ခေါင်းဆောင်ဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဒီဇင်ဘာ ၄ရက်နေ့ မွန်းလွဲ ၁နာရီခွဲအထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဝက်လက်မြို့နယ်အတွင်း ကျေးရွာ ပအဖ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ် ပအဖ အဖွဲ့စည်းကိုလည်း CJ Platform အနေနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
