ကျောင်းကုန်းမှာ ခရီးသည်တင်ယာဉ်တစ်စီး ရှေ့ကားကို အရှိန်နဲ့ ကျော်ရာက သစ်ပင်နဲ့ တိုက်မိပြီး ယာဉ်မောင်းသေဆုံး

Author CJ Platform
Categories
Published on Jun 04, 2025

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဒီကနေ့ ဇွန်လ ၄ ရက်နေ့ မနက် ၇ နာရီခန့်အချိန်က ခရီးသည်ယာဉ်တစ်စီး အရှိန်လွန်ပြီး သစ်ပင်ကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်မောင်း သေဆုံးခဲ့ပြီး ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ခရီးသည်တင်ယာဉ်ဟာ ကျုံပျော်မြို့ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ခေတ်မီ ခရီးသည်တင်မှန်လုံယာဉ်ဖြစ်ပြီး ရှေ့ကားကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းကုန်းမြို့နယ် သဲကုန်းကျေးရွာ မိုင်တိုင်အမှတ် (၇၇/၇) မိုင်အရောက်မှာ လမ်းဘေးထိုးကျခဲ့ပြီး လမ်းဘေးမှာရှိတဲ့ မလေးရှားပိတောက်ပင်ကို ဝင်တိုက်မိတာကြောင့် ယာဉ်မောင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကျောင်းကုန်းလူငယ် နာရေးကူညီမှုအသင်းက အသင်းမော်တော်ယာဉ်တွေနဲ့ ကျောင်းကုန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့