ညောင်တုန်းမြို့ ဆားမလောက်ကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ရွာလမ်းပြိုကျ

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ အထက်ပိုင်းရပ်ကွက်မှာ ဇွန်လ ၂ ရက်နေ့က မြစ်ကမ်းပါးပြိုကျတာကြောင့် ကွန်ကရစ်လမ်းပြိုကျခဲ့ပြီး နေအိမ်တစ်လုံး ဖျက်သိမ်းလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆားမလောက်ကျေးရွာမှာ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ယခုနှစ်ထဲ ဖျက်သိမ်းရတဲ့ လူနေအိမ်ဟာ စုစုပေါင်း နေအိမ် ၁၁ လုံးရှိပြီလို့ သိရပါတယ်။
“အရင်လကတော့ များတယ်၊ အခုက အိမ်တစ်လုံးပဲ ဖျက်ရတာ၊ လူသွားလမ်း (ကွန်ကရစ်လမ်း)တော့ ပြိုကျသွားတယ်” လို့ ဆားမလောက်ကျေးရွာက အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဆားမလောက်ကျေးရွာက မြစ်ကမ်းပါးပြိုကျတာနဲ့ပတ်သက်ပြီး မြို့နယ်က မြစ်ကမ်းပါး ထပ်မံမပြိုကျဖို့ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။
မိုးဦးကာလအတွင်း မြစ်အထက်ဘက်မှာ မြစ်ရေကြီးနေတာတွေရှိနေပြီး ပန်းလှိုင်မြစ်ရေလည်း တက်လာနိုင်တာကြောင့် ပန်းလှိုင်မြစ်ကမ်းအနီးနေထိုင်နေကြတဲ့ ဒေသခံတွေအနေနဲ့လည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းလှိုင်မြစ်ရေ တက်လာပါက ဆားမလောက်ကျေးရွာရှိ မြစ်ကမ်းဘက်အခြမ်း အထက်ပိုင်းရပ်ကွက်ကနေ ရန်ကုန်–ပုသိမ်ကားလမ်းမနားအထိ မြစ်ရေတက်တာတွေရှိတယ်လို့ သိရပါတယ်။
“ကျွန်မတို့ကရွာဆိုတော့ မြို့ပေါ်လိုတော့ ဘယ်ဂရုစိုက်မလဲ။ ညောင်တုန်းမှာ မပြိုခင်ကတည်းက ရွာမှာက ပြိုလို့ အိမ်တွေ ဖျက်ပြေးရတာတွေရှိတယ်။ ကာကွယ်ရေးတွေ လုပ်ဖို့လည်း ဘာသံမှ မကြားပါဘူး။ ဖြစ်လာရင် ဖျက်ပြောင်းပဲ” လို့ အသက် ၄၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသူတွေအနေနဲ့ နီးစပ်ရာ ဆွေမျိုး အသိမိတ်ဆွေတွေဆီမှာ နေထိုင်ကြရပြီး အခက်အခဲတချို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒေသခံတချို့ကတော့ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေအပြင် ငွေကြေးတချို့လည်း ကူညီပေးနေသလို မြို့နယ်အနေနဲ့ ဖျက်ပြီး ပြောင်းရွှေ့လိုက်ရတဲ့ နေအိမ်တွေကို တစ်အိမ် တစ်သိန်းကျပ်နဲ့ ပစ္စည်းတချို့ ထောက်ပံ့ပေးတယ်လို့လည်း သိရပါတယ်။
“မြစ်ချောင်းဖြိုးကတော့ ကွင်းဆင်းကြည့်ထားပါတယ်။ လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ပေးမှာပါ။ ဒေသခံတွေလည်း လုပ်ကြမှာပေါ့။ ညောင်တုန်းကို အားစိုက်နေရတာလည်း ပါမှာပေါ့” လို့ ညောင်တုန်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် မြို့နယ်ဘေးစီမံကနေ ငွေ တစ်သိန်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါတစ်ပုံးစီနဲ့ ကြက်ခြေနီကလည်း မိသားစုသုံးပစ္စည်း တစ်ပုံးစီ ပံ့ပိုးပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
ညောင်တုန်းမြို့ပေါ်မှာတော့ အမှတ် (၄) ရပ်ကွက် တိုးချဲ့ရပ်ကွက်အတွင်း ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က မနက် ၁ နာရီခွဲခန့် လူအိပ်ချိန်အတွင်း မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ် ၂၀ ရေစီးထဲ မျောပါသွားခဲ့ပါတယ်။
လက်ရှိ ညောင်တုန်းမြို့ မြစ်ကမ်းပါးပြိုကျမှုကိုတော့ ကာကွယ်တားဆီးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပြီး ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် နေအိမ်တချို့ မလွတ်တာကြောင့် နောက်ထပ် နေအိမ် ၅ လုံး ထပ်မံဖျက်ပေးခဲ့ရပြီး စုစုပေါင်း နေအိမ် ၆၆ လုံးထိ ဖျက်ပေးလိုက်ရပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဆားမလောက်သတင်းများ