စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ထိုင်ခုံလှုပ်
တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ် (Yoon Suk Yeol) ဟာ ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ နိုင်ငံကို အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမဲ့ နာရီပိုင်းအတွင်းမှာပဲ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး သမ္မတအမိန့်ကို ပယ်ဖျက်နိုင်ပြီးတဲ့နောက် နုတ်ထွက်ဖို့ ဒါမှမဟုတ် စွဲချက်တင်ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီလို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။
သမ္မတယွန်ဟာ နျူးကလီးယား လက်နက်ပိုင်ထားတဲ့ မြောက်ကိုရီးယားရဲ့ ဖိအားနဲ့ မြောက်ကိုရီးယားကို လိုလားတဲ့ အုပ်စုတွေရဲ့ ဖိအားပေးမှုတွေကြောင့် နိုင်ငံကို ကာကွယ်ဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့နောက်မှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဦးဆောင်ပြီး လွှတ်တော်ခေါ်ယူကျင်းပကာ သမ္မတအမိန့်ကို ပယ်ဖျက်ဖို့ ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။
လွှတ်တော်ခေါ်ယူကျင်းပစဉ်မှာ စစ်တပ်က လွှတ်တော်အဆောက်အဦအတွင်း ဝင်ရောက်ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ ရှိပေမဲ့ မအောင်မြင်ခဲ့ဘဲ လွှတ်တော်အမတ် ၃၀၀ ထဲက ၁၉၀ ဦး (သမ္မတယွန်ရဲ့ ပါတီက ၁၈ ဦးပါဝင်) က စစ်အုပ်ချုပ်ရေးအမိန့် ရုတ်သိမ်းဖို့ တညီတညွတ်တည်း မဲပေးကာ အတည်ပြု ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အတိုက်အခံပါတီခြောက်ခုက သမ္မတယွန်ကို စွဲချက်တင်နိုင်ဖို့အတွက် အဆိုတင်သွင်းသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး အဆိုကိုတော့ သောကြာနေ့ ဒါမှမဟုတ် စနေနေ့မှာ မဲခွဲဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။
“သမ္မတယွန်ဟာ နိုင်ငံကို ပုံမှန်အတိုင်း ဆက်လက်ပြီး စီမံခန့်ခွဲနိုင်မှု မရှိတော့ဘူးဆိုတာ ပြည်သူတစ်ရပ်လုံးက ထင်ထင်ရှားရှားသိနေကြပြီဖြစ်လို့ ရာထူးက နုတ်ထွက်သင့်ပါတယ်”လို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ပတ်ချန်ဒေး (Park Chan-dae) က ပြောပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံရဲ့ အင်အားအကြီးအမားဆုံးဖြစ်တဲ့ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဒီကနေ့ ဆိုးလ်မြို့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ရှိပြီး သမ္မတယွန် မနုတ်ထွက်မချင်း သပိတ်မှောက်သွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကြောင့် အမေရိကန်သံရုံးက သူတို့နိုင်ငံသားတွေကို သတိထားနေကြဖို့ သတိပေးပြောဆိုခဲ့သလို ကုမ္ပဏီကြီးဖြစ်တဲ့ Naver ကော်ပိုရေးရှင်းရဲ့ LG အီလက်ထရောနစ်ကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေကို နေအိမ်တွေကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။
ယမန်နေ့ညပိုင်းက ရုန်းရင်းဆန်ခတ် အခြေအနေကြောင့် တောင်ကိုရီးယားရဲ့ ဈေးကွက်တွေလည်း မတည်မငြိမ် ဖြစ်ခဲ့သလို စတော့ရှယ်ယာဈေးတွေ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝမ်ငွေတန်ဖိုးဟာ ၂ နှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
စီးပွားရေးထိခိုက်မှုတွေကြောင့် ဘဏ္ဍာရေးဝန်ကြီး ချိုင်ဆန်မော့ခ် (Choi Sang-mok) နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရီးချန်းရန် (Rhee Chang-yang) တို့က အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး “ စတော့၊ ငွေချေးစာချုပ်၊ ငွေကြေးဈေးကွက်နဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာတဲ့အထိ အကန့်အသတ်မရှိ ငွေတွေကို ဖြည့်တင်းပေးသွားမယ်” လို့ ကတိပြုထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အခုလိုစစ်အုပ်ချုပ်ရေးကြေညာတာဟာ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး လတ်တလောအခြေအနေကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားကြား စစ်ရေးလေ့ကျင့်မှုတွေနဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။
လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး သမ္မတရဲ့ စစ်အုပ်ချုပ်ရေးကို ပယ်ဖျက်ခဲ့မှုကို အမေရိကန်ပြည်ထောင်စုဘက်က ကြိုဆိုထောက်ခံကြောင်း ပြောဆိုခဲ့ပြီး “နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာနဲ့ ဥပဒေဘောင်အတွင်းက ဖြေရှင်းစေလိုတယ်”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။
၂၀၂၂ ခုနှစ်ကနေစတင်ပြီး အာဏာရလာတဲ့ သမ္မတယွန်ဟာ လက်ရှိမှာ ထောက်ခံမှု ၂၀ ရာခိုင်နှုန်းလောက်သာ ရှိနေပြီး အကယ်၍ စွဲချက်တင်ခံရပြီးနောက် မဲခွဲတဲ့အခါမှာ လွှတ်တော်အမတ် သုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲနဲ့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက တရားသူကြီး ကိုးဦးထဲက ခြောက်ဦးရဲ့ ထောက်ခံမဲ ရရှိခဲ့ရင် ရာထူးက ဖယ်ရှားခံရမှာလည်း ဖြစ်ပါတယ်။ (လွှတ်တော်အမတ်နေရာ ၃၀၀ ရှိတဲ့အထဲမှာ သမ္မတယွန်ရဲ့ ပါတီဖြစ်တဲ့ People Power Party က အမတ်နေရာ ၁၀၈ နေရာ ရရှိထားပါတယ်။)
တကယ်လို့ သမ္မတဖြစ်သူ ရာထူးကဖယ်ရှားခံရတာ ဒါမှမဟုတ် နုတ်ထွက်တာမျိုး လုပ်ဆောင်ခဲ့ရင် ဝန်ကြီးချုပ် ဟန်ဒက်ဆူး (Han Duck-soo) က ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပလို့ ပြီးတဲ့အထိ အုပ်ချုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Asia Society Policy Institute က ဒန်နီရပ်ဆဲလ်ကတော့ “တောင်ကိုရီးယားနိုင်ငံအနေနဲ့ အန္တရာယ် တစ်ခုကနေ လွတ်မြောက်သွားပေမဲ့ သမ္မတယွန်ကတော့ ကိုယ့်ဒုက္ခကိုယ်ရှာ မိသွားသလို ဖြစ်သွားတယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။
ဓာတ်ပုံ- Reuters/Kim Hong-Ji
ပုံစာ- ဆိုးလ်မြို့မှာ သမ္မတယွန် နုတ်ထွက်ပေးရေး ဆန္ဒပြနေကြသူတွေကို တွေ့ရစဉ်
ကိုးကား – Reuters
#CjPlatform #တောင်ကိုရီးယား #သမ္မတယွန် #ဆန္ဒပြပွဲ