ပြည်ပထွက်ခွာသူတွေ ရန်ကုန်လေဆိပ်မှာ ကျပ်သိန်းဆယ်ချီ စစ်ကောင်စီလက်အောက်ခံတွေကို လာဘ်ထိုးနေရ၊ မပေးနိုင်သူ ပြန်လွှတ်ခံရလို့ဆို
ပြည်ပနိုင်ငံတွေဆီ အကြောင်းအမျိုးမျိုးနဲ့ သွားလာလိုသူတွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သက်ဆိုင်ရာ လေဆိပ်ရဲနဲ့ လ.၀.က ဝန်ထမ်းတွေကို ကျပ်သိန်းဆယ်ချီ လာဘ်ထိုးကာ သွားလာနေရပြီး မပေးနိုင်သူတွေ ပြန်လွှတ်ခံရတယ်လို့ ကြုံတွေ့ခဲ့ရသူတွေဆီက သိရပါတယ်။
စစ်ကောင်စီက သတ်မှတ်ထားတဲ့အချက်အလက်တွေနဲ့ ပြည့်စုံနေပေမဲ့ သက်ဆိုင်ရာ လေဆိပ်ရဲနဲ့ လ.ဝ.ကဝန်ထမ်းတချို့ကို ကျပ် ၁၀ သိန်းအထိ ပေးနေရတယ်လို့ သူတို့က ပြောပါတယ်။
“စင်ကာပူကိုဆေးခန်းပြဖို့ သွားရမှာအတွက် သွားတာ။ ကြိုချိတ်ထားရတယ်။ နောက်မို့ဆို ထွက်ခွင့်မပေးဘူး။ အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံကတောင်းနေတာ” လို့ စင်ကာပူနိုင်ငံကို ဆေးကုသဖို့ သွားရောက်ခဲ့သူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
အလုပ်အကိုင်နိုင်ငံကူးလက်မှတ်(PJ)ကိုင်သူတွေကို ပိတ်ထားရုံသာမက အလည်အပတ်နိုင်ငံကူးလက်မှတ်(PV)ကိုင်ထားသူတွေအပြင် စစ်မှုထမ်းအသက်အရွယ်မဟုတ်သူတွေကိုလည်း ပိတ်ထားတဲ့အတွက် အခက်တွေ့နေရတယ်လို့ သူမက ပြောပါတယ်။
“အဲဒါကိုကြိုချိတ်ထားပြီး သွားသွားနေရတယ်။ နှစ်သိန်းလောက်ကနေ လေး၊ ငါး၊ ဆယ်သိန်းအထိ တောင်းနေတာ” လို့ ရန်ကုန်လေဆိပ်ကနေ စင်ကာပူနိုင်ငံကို သွားရောက်ခဲ့သူအမျိုးသမီးက ပြောပါတယ်။
ရန်ကုန်လေဆိပ်မှာရှိတဲ့ ရဲ၊ လဝကဝန်ထမ်းတွေဟာ ပြည်ပထွက်ခွာလိုသူတွေဆီက နည်းလမ်းအမျိုးမျိုးနဲ့ ငွေညှစ်နေကြပြီး တာဝန်ကျလေဆိပ်ရဲတွေနဲ့ ကြိုတင်ချိတ်ဆက်မထားသူတွေကို ပြန်လွှတ်တာတွေလုပ်တဲ့အတွက် သွားရောက်မယ့်သူတွေ လေယာဉ်လက်မှတ်ခ၊ တစ်ဖက်နိုင်ငံမှာ ဘိုကင်လုပ်ထားတဲ့ တည်းခိုစရိတ်တွေ ဆုံးရှုံးရတာတွေရှိနေတယ်လို့ သိရပါတယ်။
“ကြိုမချိတ်ထားဘဲ သွားတဲ့သူတွေတော့ သူတို့ကုန်ကျထားတဲ့ပိုက်ဆံတွေဆုံးတာပေါ့။ တချို့ဆို သိန်း ၂၀၊ ၃၀ လောက် ဆုံးရှုံးကြတယ်။ လေဆိပ်မှာဒီလိုတွေဖြစ်နေတယ်ဆိုတာ မသိဘဲလာမိကြတော့” လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
လက်ရှိ ရန်ကုန်လေဆိပ်အတွင်း စစ်ကောင်စီရဲ့ အဖွဲ့အစည်းပေါင်းစုံက စုပေါင်းစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်တင်းကျပ်ထားတဲ့အတွက် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ၊ အပျော်ခရီးဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနိုင်မယ့် အခြေအနေတွေအားလုံးကို ဝန်ဆောင်မှုပေးနိုင်ပေမဲ့ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာခွင့် ရ/မရကိုတော့ အာမမခံနိုင်ဘူးလို့ ခရီးသွားတွေကို ကြိုတင်အသိတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ –