ရန်ကုန်မြို့က ထွေ/အုပ် ဝန်ထမ်းတွေကို စစ်ကောင်စီ ကြက်ဥရောင်းခိုင်း
စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးက အထွေထွေ အုပ်ချုပ်ရေးဌာနဝန်ထမ်းတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို့ ဒီကနေ့အထိ ကြက်ဥရောင်းချခိုင်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်စာရေးတွေက ဦးဆောင်ကာ ရုံးထိုင်ဝန်ထမ်းတချို့နဲ့ နေ့စဉ် ရောင်းချပေးနေတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
“မြို့နယ်မှာရှိတဲ့ ရပ်ကွက်တွေက လူစည်ကားတဲ့ နေရာတွေမှာ ရောင်းခိုင်းတယ်။ သတ်မှတ်ထားတဲ့ အလုံးရေအတိုင်း ကုန်အောင်ရောင်းခိုင်းနေတာ”လို့ သူက CJ Platform ကို ပြောပါတယ်။
တစ်မြို့နယ်ကို ကြက်ဥ အလုံးရေ ၁၀,၀၀၀ ပေးအပ်ထားပြီး တစ်ရက်ကို အလုံးရေ ၁,၀၀၀ ကုန်အောင် မဖြစ်မနေ ရောင်းချဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ ကြက်ဥရောင်းချရာမှာ ပါဝင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပြင်ပ ကြက်ဥစျေးနှုန်းဟာ အရွယ်အစားပေါ် မူတည်ကာ တစ်လုံးကို ၄၀၀ ကျပ်၊ ၄၅၀ ကျပ်နဲ့ ၄၈၀ ကျပ် အသီးသီးရှိပြီး စစ်ကောင်စီက ၃၇၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
အခုရောင်းချမှုကို စစ်ကောင်စီလက်အောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ မြန်မာနိုင်ငံ မွေးမြူရေးအသင်းချုပ်တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပြည်သူတွေကို စျေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
“ရပ်ကွက်ထဲမှာ ရောင်းနေလို့ အန်တီတော့ အလုံး ၃၀ ပါတဲ့ တစ်ကတ် ဝယ်ထားတယ်။ ဘယ်နေ့အထိ ရောင်းမလဲတော့ မသိဘူး။ ပြည်သူတွေကို သူတို့ပြန်ကြည့်တယ်ဆိုတဲ့ ပုံစံလုပ်ပြနေတာ။ တကယ်လုပ်ရမှာက မူလစျေးကို ကျအောင်လုပ်ပေးရမှာလေ”လို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ် မိုးအေးက ပြောပါတယ်။
လက်ရှိမှာတော့ ကြက်ဥ ရောင်းချရေး တာဝန်ယူထားတဲ့ အရာရှိတွေအနေနဲ့ ပြည်သူတွေကို မရောင်းချခင် သူတို့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူတွေကို ဦးစားပေးရောင်းချတာမျိုး လုပ်ဆောင်နေပြီး စားဆီရောင်းချပေးတဲ့ ကာလမှာလည်း ဆီကိုပေပါလိုက် ရောင်းစားတာတွေ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – သုတ
ပုံစာ – ရပ်ကွက်အတွင်း ကြက်ဥရောင်းချနေတာကို တွေ့ရစဉ်