ထားဝယ်မြို့ပြင်က စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့တိုက်ခိုက်မှုအတွင်း တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာရ  

Author လဂွန်းအိမ်
Categories
Published on Nov 04, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့မှာ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်က အထိုင်တပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က သတင်းထုတ်ပြန်ပါတယ်။

 

မောင်မယ်ရှောင်ရွာနဲ့ စစ်ဆေးရေးဂိတ်ကြားမှာရှိတဲ့ အင်အားဖြည့်တပ်စွဲထားရာ နေရာကို YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ရန်သူ့ အင်အားကတော့ ၄၀ နဲ့အထက်လောက်ရှိပါတယ်။ တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာ ရတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်” လို့ YPPDF မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင် စစ်ကောင်စီတပ်ရှိတဲ့နေရာတွေနဲ့ ခပ်ဝေးဝေးသွားလာနေထိုင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်လို့ သူက ဆက်ပြောပါတယ်။

 

YPPDF နဲ့ DNLA တို့ပူးပေါင်းကာ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း အဲဒီ စစ်ကောင်စီတပ်စခန်းကို လေးနာရီကြာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ YPPDF က ထုတ်ပြန်ထားပါသေးတယ်။

 

အဲဒီတိုက်ခိုက်မှုအတွင်း စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

 

ရုပ်သံ – ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)