အမ်းက BE တပ်နဲ့ ကာကင်းစခန်းတွေကို AA ထပ်မံသိမ်းပိုက်၊ နှစ်ဖက် အကျအဆုံး များ
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်(နပခ)ရှိရာ အမ်းမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး အင်ဂျင်နီယာတပ်(BE)အပါအဝင် တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းပိုက်ရရှိ ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က BE တပ်နဲ့ ကာကင်းတပ်စခန်းတချို့ကို AA က သိမ်းပိုက်ရရှိခဲ့ပြီး နှစ်ဖက်အကျအဆုံးများတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
“BE တပ်ကိုသိမ်းလိုက်ပြီ။ နတလစခန်းဂိတ်နဲ့ သရက်ပင်စခန်းရယ်၊ ပြီးတော့ ပဲပဒုံဂိတ်ကိုရော သိမ်းလိုက်ပြီ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ အမ်းအခြေစိုက် ခမရ-၃၇၃ ကံ့ကော်တစ်ထောင်ဘုရား၊ ပူလောင်တော်ဘုရားကုန်းနဲ့ အမ်း(နပခ)ပတ်ဝန်းကျင်က ကာကင်းတပ်စခန်းတချို့၊ စရဖတပ်၊ အမှတ်-၂ ကုတင် ၃၀၀ တပ်မတော်ဆေးရုံတို့ကို သိမ်းဆည်းရရှိထားပြီးဖြစ်တယ်လို့လည်း AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြောဆိုပါတယ်။
လက်ကျန် စခန်းတချို့နဲ့ အမ်း(နပခ)ဝန်းကျင်က စခန်းတွေကိုတော့ ဆက်လက်ချေမှုန်းတိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။
လတ်တလော အဲဒီတပ်စခန်းတွေကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပဲပဒုံစခန်းမှာ သွားရောက်ပူးပေါင်းပြီး AA ကိုပြန်လည်ခုခံနေတာကြောင့် ပဲပဒုံအနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်တယ်လို့ သူက ဆက်ပြောပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ စစ်အသုံးအဆောင်တချို့ကို AA က သိမ်းဆည်းရရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးများခဲ့တယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုလုံးကို AA က ဝိုင်းပတ်ပိတ်ဆို့ထားပြီး နပခ ပတ်ပတ်လည်က တပ်စခန်းတွေအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အမ်းမြို့အတွင်း စစ်ကောင်စီအင်အား အလွန်နည်းပါးနေပြီလို့ နောက်ထပ်မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“AA က လေးဘက်လေးလံပိတ်ဆို့ထားတယ်။ သူတို့ကားလမ်းကနေ စစ်ကူပေးပို့လို့မရဘူး။ လေကြောင်းကနေသာ လူအင်အား၊ လက်နက်နဲ့ ရိက္ခာတွေပို့နေရတာ။ အရာရှိတွေတောင် ပြေးကုန်ပြီလေ။ သူတို့ဘယ်လောက်ထိတောင့်ခံနိုင်မှာလဲ” လို့ သူက ပြောပါတယ်။
အမ်းမြို့အနေအထားအရ ပင်လယ်ထွက်ပေါက်မရှိတာကြောင့် နေဗီအသုံးပြုလို့မရတဲ့အတွက် စစ်ကောင်စီအနေနဲ့ လေကြောင်းကနေသာ ခုခံကာကွယ်နေရတယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာတော့ အမ်းမြို့ရဲ့တောင်ဘက်ရှိ တောင်ကုတ်မြို့မှာလည်း မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီရဲ့တပ်စခန်းအချို့ကို AA က သိမ်းပိုက်ရရှိထားတာကြောင့် AA အနေနဲ့ အမ်းနဲ့ တောင်ကုတ်မြို့တို့ကို တပြိုင်တည်း သိမ်းပိုက်နိုင်ခြေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။
ဓာတ်ပုံ- AA Info Desk
ပုံစာ – ပြီးခဲ့တဲ့အောက်တိုဘာလ ၇ ရက်နေ့ စစ်ကောင်စီရဲ့ အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာကို သိမ်းပိုက်ရရှိပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်