“ဒီကနေ့ နိုဝင်ဘာ ၄ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တိုင်းနဲ့ ပြည်နယ် ကိုး ခုမှာ မိုးထစ်ချုန်းရွာမယ်

Published on Nov 04, 2024

 

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည် မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၆ ရက် မနက် ၁၁ နာရီဝန်းကျင်ကနေ စတင်ကာ ၂၄ နာရီအတွင်း ရှမ်းပြည်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်းအရှေ့တောင်ဘက်ခြမ်းတွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ရန်ကုန်မှာတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်တဲ့ မနက်ဖြန် နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းကနေစပြီး လှည်းကူးမြို့နယ်မှာ နိုဝင်ဘာ ၇ ရက်နေ့အထိ မိုးများနိုင်ပြီး မိုးရွာဖို့ ၉၅ ရာခိုင်နှုန်းရှိတယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ် နိုင်လို့ ကြိုတင်သတိထားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

ရှမ်းပြည်နဲ့ ချင်းပြည်တို့မှာ ညအပူချိန် အနည်းငယ်လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ

 

 

Related News

Depend on news