ဘတ် ၄၄,၀၀၀ အထိ ထိုင်းရွှေဈေး စံချိန်တင်မြင့်တက်လာနိုင်

Author အဂ္ဂ
Categories
Published on Oct 04, 2024

ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရွှေစျေးဟာ တစ်ကျပ်သားကို ဘတ် ၄၁,၃၅၀ ကနေ ဘတ် ၄၄,၀၀၀ အထိ မြင့်တက်လာနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

 

အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လာတာ၊ ဘတ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ အမေရိကန်ဗဟိုဘဏ်(FED)က အတိုးနှုန်းတွေကို ဆက်လက်လျှော့ချဖွယ်ရှိတာတို့ကြောင့်ဖြစ်တယ်လို့ ရွှေကုန်သည်များအသင်း(GTA)က ဆိုပါတယ်။

 

ဘတ်တန်ဖိုးဟာ အောက်တိုဘာ ၁ ရက် အင်္ဂါနေ့ အပိတ်ဈေးမှာ တစ်ဒေါ်လာကို ၃၂ ဒသမ ၇၆ ဘတ်ကနေ ၃၃ ဒသမ ၀၂ နဲ့ ၃၃ ဒသမ ၀၄ ဘတ်အထိ ကျဆင်းသွားတာကြောင့် အောက်တိုဘာ ၂ ရက်နေ့မှာ ရွှေချောင်းစျေးဟာ တစ်ကျပ်သားကို ဘတ် ၄၀၀ တက်သွားခဲ့ပါတယ်။

 

ရွှေစျေးကွက်ထဲမှာတော့ ရွှေစျေးဟာ ကျဉ်းမြောင်းတဲ့ ဈေးကွာဟချက်အတွင်းမှာ ဆက်ရှိနေပြီး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၆၅၃ ဒသမ ၉၅ အထိ ၀ ဒသမ ၁ ရာခိုင်နှုန်းပဲ ကျဆင်းသွားပါတယ်။

 

လက်ရှိ ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ရဲ့ စီးပွားရေး အချက်အလက်တွေ ထွက်မလာသေးခင် သတိထားစောင့်ကြည့်နေကြပါတယ်။ အဲဒီအချက်အလက်တွေကိုကြည့်ပြီး ဒီနှစ်နောက်ပိုင်းမှာ FED က အတိုးနှုန်းဘယ်လောက်လျှော့ချမယ်ဆိုတာကို ခန့်မှန်းတွက်ချက်လို့ ရနိုင်စေတာကြောင့်ပါ။

 

အီရန်က အစ္စရေးကို ဒုံးကျည်ရာချီနဲ့ တိုက်ခိုက်ပြီးနောက် ကမ္ဘာ့ရွှေစျေး ရုတ်တရက် မြင့်တက်သွားပါတယ်။ ဒါဟာ အန္တရာယ်ကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ ရွှေကို ဝယ်လိုအား ပိုမိုမြင့်တက်လာစေပါတယ်။

 

လက်ရှိ ကမ္ဘာ့ရွှေဈေး တစ်အောင်စ အမေရိကန်ဒေါ်လာ ၂,၆၅၀ ဝန်းကျင်ဟာ လွန်ခဲ့တဲ့အပတ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ၂,၆၈၅ ဒေါ်လာနဲ့ သိပ်မကွာတော့ပါဘူး။  အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုဆိုးရွားလာတာကြောင့် မကြာခင်မှာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့ မရှိသေးဘူးလို့ ယူဆရပါတယ်။

 

ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ ရွှေစျေးဟာ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုနှစ်အစကနေ ယခုအချိန်ထိ စုစုပေါင်း ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

GTA ဥက္ကဌ ဂျစ်တီ တန်စီသ်ပါဒီက “ဒီတစ်ခါ အရှေ့အလယ်ပိုင်းပဋိပက္ခဟာ ပြင်းထန်ပုံရတယ်” လို့ ပြောခဲ့ပါတယ်။

 

သူ့အဆိုအရ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ထိုင်းပြည်တွင်းရွှေစျေးဟာ တစ်ကျပ်သားကို ဘတ် ၁,၀၀၀ နီးပါး မြင့်တက်ခဲ့ပါတယ်။

 

ဘတ်ငွေတန်ဖိုးဟာ အခုအချိန်မှာ အတက်အကျမြန်နေတာကြောင့် ခန့်မှန်းရခက်နေပေမဲ့ မစ္စတာဂျစ်တီက ဒီနှစ်နောက်ပိုင်းမှာ ထိုင်းပြည်တွင်းရွှေစျေးဟာ တစ်ကျပ်သားကို ဘတ် ၄၄,၀၀၀ အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

 

အဓိက အကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေသလို တစ်ချိန်တည်းမှာပဲ အမေရိကန်ဗဟိုဘဏ်က သူတို့ရဲ့  ၂၀၂၄ ခုနှစ်မှာ ကျန်ရှိနေတဲ့ အစည်းအဝေး နှစ်ခုမှာ အတိုးနှုန်းကို နောက်ထပ် ၀ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချဖွယ်ရှိနေတာကြောင့် ဖြစ်ပါတယ်။

 

သူ့ရဲ့ အဆိုအရ ကမ္ဘာ့ရွှေစျေးနှုန်းဟာ ဒီနှစ်ကုန်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၇၀၀ အထိ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ရွှေဈေးမြင့်တက်နိုင်မယ့်အခြေအနေ ဆက်ရှိနေပြီး ၂၀၂၅ နှစ်ဦးပိုင်းမှာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂,၉၀၀ အထိ မြင့်တက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

 

မစ္စတာဂျစ်တီရဲ့ ခန့်မှန်းချက်ဟာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs ရဲ့ ခန့်မှန်းချက်နဲ့ ကိုက်ညီနေပါတယ်။ Goldman Sachs က ၂၀၂၅ နှစ်ဦးပိုင်းမှာ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၇၀၀ ကနေ ၂,၉၀၀ အထိ ရောက်ရှိမယ်လို့ ခန်းမှန်းထားတာပါ။ အဓိကကတော့ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံမှာ အတိုးနှုန်းတွေ လျှော့ချတာကြောင့် ငွေကြေးလဲလှယ် ကုန်သွယ်ငွေတွေ စီးဆင်းမှု တိုးလာတာနဲ့ ဗဟိုဘဏ်တွေရဲ့ ဝယ်ယူမှုပိုမိုမြင့်တက်လာတာစတဲ့ အချက်တွေကို ကိုးကားပြီး အခုလိုမျိုး ခန့်မှန်းခဲ့တာလို့ သိရပါတယ်။

 

Goldman Sachs က ဒီနှစ်အတွက် ပျမ်းမျှရွှေစျေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၃၅၇ ကနေ ၂,၃၉၅ အထိ မြင့်တက်နိုင်တယ်လို့ခန့်မှန်းခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းချက်ကတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,၆၈၆ ကနေ ၂,၉၇၃ အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

 

ကမ္ဘာ့ရွှေကောင်စီ(WGC)ရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံရဲ့ ရွှေဝယ်လိုအားဟာ စံချိန်တင်စျေးနှုန်းတွေ ဆက်တိုက် ဖြစ်ပေါ်နေပေမဲ့ ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာ ထိုင်းရွှေတစ်ကျပ်သားစျေးဟာ ဘတ် ၄၂,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

 

“ထိုင်းရင်းနှီးမြှုပ်နှံသူတွေဟာ ပြည်တွင်းငွေကြေး တန်ဖိုးကျဆင်းမှုကနေ ကာကွယ်ဖို့ ရွှေဘက်ကို လှည့်လာကြတာကြောင့် ထိုင်းနိုင်ငံဟာ ဒုတိယ သုံးလပတ်အတွင်း အရှေ့တောင်အာရှဒေသမှာ ဝယ်လိုအား အမြင့်ဆုံးအဖြစ်စံချိန်တင်ခဲ့ပါတယ်။ နှစ်အလိုက် ဝယ်ယူမှု ၂၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ရွှေတန်ချိန် ကိုးတန်အထိရောင်းချခဲ့ရတာဟာ သိသာထင်ရှားတဲ့ တိုးတက်မှုပါပဲ” လို့ WGC ရဲ့ အမှုဆောင် အရာရှိချုပ် ဒေးဗစ်တိတ်က ပြောပါတယ်။

 

ဒီလိုခိုင်မာတဲ့ ဝယ်လိုအား ဆက်လက်ရှိနေတာဟာ ထိုင်းနိုင်ငံမှာ ရွှေဟာ ယုံကြည်စိတ်ချရပြီး လူတွေ သဘောကျနှစ်သက်ကြတဲ့ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတစ်ခုအဖြစ် ရှိနေတယ်ဆိုတာ ထင်ဟပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

 

ဓာတ်ပုံ – Apichart Jinakul

 

ကိုးကား – Bangkok Post