စစ်ကောင်စီလွတ်ငြိမ်းထဲ သင်ဇာဝင့်ကျော် ပါဝင်လာပေမဲ့ နန်းမွေ့စံနဲ့ ရဲတိုက်မပါဝင်သေး

Author အကြင်နာ
Categories
Published on Jan 04, 2025

ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဉ်းသား/သူ ၅၈၆၄ ဦးကို အကျဉ်းထောင်၊ အချုပ်ထောင်တွေကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

 

ဒါပေမဲ့ ပြစ်မှုပြန်ကျူးလွန်ရင် လက်ကျန်နှစ်တွေနဲ့ ထပ်ပေါင်းပြစ်ဒဏ်ကျခံရမယ်လို့ ခံဝန်ချုပ်နဲ့ လွှတ်ပေးတာဖြစ်ပါတယ်။

 

ဒီလွတ်ငြိမ်းထဲ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ထောင်ဒဏ် ငါးနှစ်ချခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပါဝင်လာတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

 

“ဝမ်းသာကြိုဆိုပါတယ် ညီမလေးရေ” ဆိုပြီး သရုပ်ဆောင် ညီနန္ဒက သူ့ရဲ့ လူမှုကွန်ရက်မှာ သင်ဇာဝင့်ကျော်နဲ့ သူတို့နှစ်ယောက် ရိုက်ကူးထားတာဓာတ်ပုံနဲ့အတူ ဒီကနေ့မနက်ပိုင်းမှာ ဖော်ပြပြောဆိုထားတာတွေ့ရပါတယ်။

 

အဲဒီလိုပဲ သရုပ်ဆောင် မေပန်းချီကလည်း “ဝမ်းသာလိုက်တာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ ဒီကနေ့မနက်ပိုင်း ရေးထားတာတွေ့ရပါတယ်။

 

 

ဒါပေမဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထောင်ဒဏ် ခြောက်နှစ်ချခံထားရတဲ့ Sexy မော်ဒယ် နန်းမွေ့စံနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်တို့အပါအဝင် ကျန်ထင်ရှားတဲ့ အနုပညာရှင်နဲ့ နိုင်ငံရေးသမား၊ သတင်းထောက်တွေတော့ ပါဝင်လာတယ်လို့ မသိရသေးပါဘူး။

 

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရုပ်သံမှတ်တမ်း သွားရောက်ရိုက်ကူးခဲ့သလို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှာပြုလုပ်ခဲ့တဲ့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုရဲ့သမီး မင်္ဂလာပွဲကိုလည်း ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

 

အဲဒီကအပြန် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ သူမ ဖမ်းဆီးခံခဲ့ရပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ – ၃၃ နဲ့ အဲဒီနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီဘက်က ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါတယ်။

 

သင်ဇာဝင့်ကျော်ဖမ်းဆီးခံရပြီးမကြာမီမှာပဲ Sexy မော်ဒယ် နန်းမွေစံကိုဖမ်းဆီးခဲ့ပြီး အဲဒီနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ စစ်ကောင်စီဘက်က ပုဒ်မ – ၃၃ နဲ့ပဲ ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့ပါတယ်။

 

သရုပ်ဆောင် ရဲတိုက်ကတော့ ၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးခံရပြီးနောက် အဲဒီနှစ် ဒီဇင်ဘာလမှာ ရာဇသတ်ကြီးပုဒ်မ-၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သလို ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆ (ဂ) /၂၃ နဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Nyi Nanda’ Facebook

 

Related News

Depend on news