အပစ်ရပ်စဲရေး ဆွေးနွေးမှုလုပ်နေချိန်အတွင်း အစ္စရေးကြောင့် နှစ်ရက်အတွင်း လူပေါင်း ၁၄၀ နီးပါး သေဆုံး

Author CJ Platform
Categories
Published on Jan 04, 2025

အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးကိစ္စ ပြန်လည်ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ဂါဇာဒေသကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၄၀ နီးပါး သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာ သတင်းဌာန‌တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဂါဇာဒေသကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့က အနည်းဆုံး လူပေါင်း ၆၁ ဦး‌ သေဆုံးခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့မှာတော့ လူပေါင်း ၇၇ ဦးသေဆုံးခဲ့တာကြောင့် နှစ်ရက်အတွင်း လူပေါင်း ၁၄၀ နီးပါး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကာမယ်အဒ်ဝမ် (Kamal Adwan) ဆေးရုံရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဟူစိန်အဘူဆာဖီယာကိုလည်း အစ္စရေးဘက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

 

အဲဒီလုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ဖြစ်ပြီး ဂါဇာဒေသရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အမြစ်ဖြတ်ဖို့ အစ္စရေးဘက်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာမှုလည်း ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုပါတယ်။

 

ကာတာနိုင်ငံမှာ ပြန်လည်ပြုလုပ်နေတဲ့ အပစ်ရပ်စဲရေးဆွေးနွေးပွဲမှာ ဟားမက်စ်တို့ဘက်က အပစ်ရပ်စဲရေးကိစ္စ၊ ဂါဇာဒေသက အစ္စရေးတပ်တွေ ဆုတ်ခွာဖို့ကိစ္စနဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူတွေ နေရပ်ပြန်နိုင်ရေးကိစ္စတွေ အလေးအနက် ပြောဆိုဆွေး‌နွေးခဲ့တယ်လို့ ဟားမက်စ်အကြီးတန်းအရာရှိ ဘေဆန်နာအင်းက ပြောပါတယ်။

 

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတာ့ခ်က ဂါဇာဒေသမှာရှိတဲ့ ကျန်းမာရေးအဆောက်အအုံ ၂၇ လုံးကို အစ္စရေးဘက်က ၁၃၆ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး “သိသာထင်ရှားတဲ့ သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ”ကို ကုလသမဂ္ဂအဖွဲ့က မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဂါဇာဒေသစစ်ပွဲမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဒေသခံ အနည်းဆုံး ၄၅,၆၅၈ ဦး သေဆုံးခဲ့ပြီး ၁၀၈,၅၈၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမက်စ်တို့ဘက်က အစ္စရေးနိုင်ငံထဲဝင်ရောက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၁၃၉ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။

 

နောက်ပိုင်းမှာ အစ္စရေးစစ်တပ်က ဓားစာခံတချို့ကို ကယ်တင်နိုင်ခဲ့ပေမဲ့ တချို့ကတော့ အခုအချိန်ထိ ဟားမက်စ်တို့ရဲ့ ဖမ်းဆီးထိန်းသိမ်းထားတာကို ခံထားရဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – AFP

 

ပုံစာ- ဂါဇာဒေသအလယ်ပိုင်းက အယ်လ်မာဂါဇီ ဒုက္ခသည်စခန်းမှာ အပျက်အစီးတွေကြားထဲက စောင်ကို ဆွဲထုတ်ယူလာတဲ့ ကလေးငယ်များကို ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့က ‌တွေ့မြင်ရစဉ်

 

ကိုးကား – Al Jazeera