စစ်ကောင်စီပြဌာန်းလိုက်တဲ့ ဆိုက်ဘာဥပဒေသစ်အပေါ် ကျွမ်းကျင်သူတွေ ဘာပြောလဲ? အပိုင်း ( ၂ )
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း ဆိုက်ဘာဥပဒေကြမ်းဆိုပြီး စစ်အုပ်စုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းဟာ သုံးနှစ်ကျော်၊ လေးနှစ်နီးပါးမှာပဲ အတည်ပြုလိုက်ပြီလို့ ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီ ၁ ရက် ရက်စွဲနဲ့ ယမန်နေ့က စစ်ကောင်စီကထုတ်ပြန်လာပါတယ်။ ဥပဒေကြမ်းအဆင့်မှာကတည်းက တစ်ဖက်သတ်လိုရာဆွဲရေးသားထားမှုတွေ ပါဝင်နေတာကြောင့် ပြည်တွင်း/ပြည်ပအရပ်ဘက်အဖွဲ့အစည်း ၁၆၀ လောက်က ကန့်ကွက်ရှုတ်ချထားတာပါ။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဥပဒေကြမ်းထဲကထက် အပြီးသတ်ဥပဒေထဲ တင်းကျပ်မှုတွေ ပိုတိုးလို့ အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ဒါကြောင့် ဥပဒေကြမ်းနဲ့ အတည်ပြုဥပဒေထဲက ကွာခြားချက်တွေ၊ ဒီဥပဒေထဲက ထူးခြားချက်တွေ၊ ရှောင်ထားသင့်တာတွေ၊ ဆောင်ထားသင့်တာတွေ၊ မဖြစ်မနေသိထားသင့်တာတွေအပါအဝင် အိုင်တီပညာရှင်တွေရဲ့ အကြံပြုချက်တွေကို CJ Platform က ဆက်သွယ်မေးမြန်းပြီး ကောက်နုတ်ဖော်ပြအပ်ပါတယ်။
ဆိုက်ဘာဥပဒေကိုစောင့်ကြည့်နေသူတစ်ဖြစ်လဲ IT ကျွမ်းကျင်သူတစ်ဦးနဲ့ဆက်သွယ်မေးမြန်းခြင်း
CJ : အခု ဥပဒေမှာ ဥပဒေကြမ်းတုန်းက မပါခဲ့တာတွေ ပါလာတာများတွေ့ရလား။ ဒါမှမဟုတ် ပြုတ်သွားတဲ့ ပုဒ်မမျိုးရော သတိထားမိတာရှိမလား။
IT : သဘောတရားကတော့ အတူတူပါပဲ။ အခု အသေးစိတ်ထွက်လာတဲ့အထဲမှာတော့ ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းတွေကိုမှတ်ပုံတင်ရမယ်ဆိုတာနဲ့ အသုံးပြုသူ User တွေရဲ့ ကိုယ်ရေး Data အချက်အလက်တွေကို သိမ်းထားပြီး သူတို့တောင်းရင်ပေးရမယ်ဆိုတဲ့ ပုဒ်မ ၃၃ ကို တွေ့ရပါတယ်။
CJ : အွန်လုံးအသုံးပြုသူတွေအတွက် ဘာတွေ သတိထားရမလဲ။ ဘာတွေဆောင်ရမလဲ။ ရှောင်ရမလဲပေါ့နော်။
IT : နိုင်ငံအနေအထားနဲ့ အသုံးများတာက Facebook ဖြစ်နေတာရယ်၊ Facebook သုံးဖို့ဆိုရင် VPN က လိုမှာပဲလေ။ ကိုယ့်ဖုန်းထဲမှာ သူတို့ပိတ်ထားတာတွေရှိနေပြီဆိုတော့ အပြင်သွားတဲ့အခါ ဖုန်းကိုသေချာပြန်စစ်ဆေးပြီး ယူသွားတာမျိုးဖြစ်သင့်တယ်ပေါ့။
CJ : ဒီဥပဒေကြောင့် အသုံးပြုသူတွေအပါအဝင် ပတ်သက်ဆက်နွယ်သူအားလုံးအတွက် ဘာတွေ ထိခိုက်နစ်နာဆုံးရှုံးရနိုင်မလဲ။
IT : ဘာတွေ ထိခိုက်မလဲဆိုရင်တော့ အကုန်လုံးပဲပေါ့နော်။ လွတ်လပ်စွာ အင်တာနက်သုံးစွဲခွင့်ကစလို့၊ Privacy အထိ ထိခိုက်တာမျိုးတွေဖြစ်လာတယ်။ အင်တာနက်ခေတ်မှာ အများကြီးထိန်းချုပ်ခံလိုက်ရတော့ အဘက်ဘက်က ဆုံးရှုံးသွားတယ်လို့ပြောရမှာပဲ။
CJ : ဒီမှာတွေ့ရသလောက် VPN ကန့်သတ်ချက်၊ လောင်းကစားကန့်သတ်ချက်နဲ့ User တစ်သိန်းနဲ့အထက်ကို လိုင်စင်တင်ဖို့ဆိုတာမျိုးတွေ့ရတယ်။ အစ်ကို့အနေနဲ့ရော ဘာတွေ တွေ့ရတာမျိုးရှိမလဲ။
IT : လိုင်စင်မတင်ရင် အရေးယူမယ်ဆိုတဲ့နေရာမှာ ထောင်ဒဏ်၊ ငွေဒဏ်သတ်မှတ်ထားတာတွေ့တယ်ပေါ့နော်။ လောင်းကစားကိစ္စကလည်း အခု စကစလက်ထက်မှာ အွန်လိုင်းမှတင်မဟုတ်ဘဲ ရပ်ကွက်ထဲတွေမှာတောင် ပေါ်ပေါ်တင်တင်ဖြစ်လာကြတာလေ။ ဆိုတော့ ငွေဒဏ်နဲ့ အောက်ခြေကနေ အပေါ်ထိ အကြီးအကျယ် လာဘ်ပေးလာဘ်ယူလို့ကောင်းသွားဦးမယ်လို့ပဲ မြင်ပါတယ်။
CJ : ဒီဥပဒေပြဋ္ဌာန်းတာ ပြည်သူတွေ အကျိုးရှိစေမလား။ အကျိုးယုတ်စေမလား။
IT : ပုံမှန်အတိုင်းလုံခြုံရေးဆိုတာမျိုးကတော့ကောင်းပါတယ်။ အွန်လိုင်းငွေကြေး လိမ်လည်တာတွေ ခြိမ်းခြောက်တာမျိုးတွေကို တားဆီးနှိမ်နင်းနိုင်တာပေါ့။ အခုကတော့ လုံခြုံရေးဆိုတာထက် ထိန်းချုပ်တယ်၊ ကန့်သတ်တယ်ဆိုတဲ့ပုံစံဖြစ်နေလို့ အကျိုးယုတ်တယ်လို့ပဲခံစားရပါတယ်။
CJ : အဓိကက ကိုယ်နဲ့မကွာအမြဲသယ်ဆောင်သွားရတဲ့ မိုဘိုင်းလ်ဖုန်းထဲမှာ ဘာတွေကို သတိထား ရတော့မလဲ။ ဘယ်လို Appတွေ က အန္တရာယ်ရှိစေမလဲ။
IT : အရှေ့မှာပြောခဲ့သလိုပဲ အပြင်သွားရင် ဖုန်းထဲမှာ VPN လို App မျိုးတွေရှိမနေဖို့ပေါ့နော်။ ဘယ်လိုတွေလုပ်ထားရမယ်ဆိုတာကို အွန်လိုင်းမှာတင်လိုက်လို့ သူတို့က အဲဒါတွေကိုလိုက်ပိတ်လေ ကျွန်တော်တို့အတွက် ဘောင်ကျဉ်းလာလေ ဖြစ်မှာပါ။ အဲဒါကြောင့် ပြည်သူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် သတိပေး အကြံပေးတာမျိုးတွေပိုပြီးလုပ်သင့်ပါတယ်။
CJ : ပြည်သူတွေကို အကြံပြုစကားလေး ပြောပေးစေချင်ပါတယ်။
IT : သူတို့(စစ်ကောင်စီ)လက်ထက်မှာကတော့ အကုန်လုံးက တရားခံ ခေါင်းစဉ်အောက်ရောက်ကုန်တာပါပဲ။ အခု ဆိုက်ဘာဥပဒေဆိုတာလည်းရှင်းပါတယ်။ အရင်တစ်ခါ VPN ကိစ္စကို ဦးတည်ပြီး မူကြမ်းထွက်တယ်။ စကစအသိုင်းအဝိုင်းကထုတ်တဲ့ MySpace ဆိုတဲ့ လူမှုကွန်ရက် App တစ်ခုထွက်လာတယ်။ ပြည်သူတွေ Report လုပ်လို့ App Store, Play store နဲ့ Facebook Page တွေ အကုန်ဖြုတ်ချခံလိုက်ရတယ်။ အခု ဟိုတလောက MySpace ရဲ့ Website ပြန်ပေါ်လာတယ်။ အခု ဆိုက်ဘာဥပဒေထုတ်တယ်ဆိုတော့ သူတို့ရဲ့ ပလက်ဖောင်းကို သုံးစေချင်နေတယ်ဆိုတာ အရမ်းသိသာပါတယ်။ ပြည်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တဲ့ ပြင်ပအဖွဲ့အစည်းတွေက အသိပညာမျှဝေတာတွေကို လက်လှမ်းမီသလောက် လေ့လာထားသင့်ပါတယ်။