မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Dec 22, 2025

မကွေးတိုင်း ၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အသက် ၇၀ ခန့် အမျိုးသားတစ်ဦးနဲ့ အခြားအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်မှာ မြိုင်မြို့နယ် ၊ ဘုန်းကြီးကန်ကျေးရွာကို မုံရွာနမခက တက်လာတဲ့ ဂျိုင်ရိုကော်ပတာနှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

“ စစ်ကြောင်းဝင်တယ်လို့လည်းမရှိဘူး ၊ စစ်ရေးဆိုလည်း တော်တော်ကို မရှိတဲ့နေရာ သူတို့တောင်သူလုပ် အေးအေးနေတဲ့ ရွာတွေပါ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကန်ကျေးရွာက အသက် ၃၀ကျော်အရွယ် မဆည်းဆာအောင် သေဆုံးခဲ့တာဖြစ်ပြီး ဘိုးဘွားအရွယ် အသက် ၇၀ ခန့်အမျိုးသားတစ်ဦး နဲ့အခြားအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့ဆီကသိရပါတယ်။

 

စစ်အုပ်စုက မြိုင်မြို့နယ်အတွင်းက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံတွေနေထိုင်ရာကျေးရွာတွေကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် ၁၀ နာရီခွဲခန့်မှာလည်း မြိုင်မြို့နယ် တစ်နေရာကို ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ကနဦးသတင်းရရှိမှုအရ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံထိခိုက်မှုတွေရှိခဲ့သလို နေအိမ် နှစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့လည်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း – မြိုင်ဆီက သိရပါတယ်။

 

မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုက အခုလိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်တာတွေအပြင် မြေပြင်စစ်ကြောင်းထိုးမှုတွေလည်းရှိနေပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က လည်း ပခုက္ကူမြို့နယ်ကနေ မြိုင်မြို့နယ်အတွင်းကို ဝင်ရောက်လာခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မြိုင်မြို့နယ် အရှေ့ပိုင်းရှိ ကင်းကျေးရွာကနေ ရက်ရှည်တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေရဲ့ ယာယီတဲ ၈ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

 

အဲဒီ စစ်ကြောင်းဟာ နိုဝင်ဘာ ၃၀ ရက်နေ့ကတည်းက မြိုင်မြို့နယ်အတွင်းဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းကြောင့် မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာ ၅ ရွာအပြင် နေအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၅ ဦးထက်မနည်းဖမ်းဆီးသတ်ဖြတ်တာတွေရှိခဲ့တယ်လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း – မြိုင် အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

 

ဓာတ်ပုံ – အညာမြေအရပ်ဖက်အဖွဲ့အစည်း မြိုင်

 

 

Related News

Depend on news