ချောင်းကြီးရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ကျောက်ကြီး၊ တွင်းငယ်၊ (၇)မိုင်ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ရေလမ်းကြောင်းမှ ထွက်ပြေး

Author စကားဝါ
Categories
Published on Aug 03, 2024

ရွှေတွင်းလုပ်ငန်းများစွာကို ထိန်းချုပ်ထားသည့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှာရှိတဲ့ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီးနောက်မှာ ကျောက်ကြီးကျေးရွာ၊ တွင်းငယ်ကျေးရွာနဲ့ (၇)မိုင်ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက စစ်သားတွေဟာ ရေလမ်းကြောင်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

အမှတ်(၁) စစ်ဒေသလက်အောက်မှာရှိတဲ့ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေက ဇွန်လ စတုတ္ထပတ်မှာ စတင်ပြီးတော့ ချောင်းကြီးရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

 

“ကျောက်ကြီး၊တွင်းငယ်၊(၇)မိုင်က တပ်တွေမှာ တပ်စောင့်ကလွဲပြီးတော့ စစ်သားတွေ အကုန်လုံး အရပ်ဘက်သုံး သင်္ဘောတွေနဲ့ ခိုးပြီးတော့ ထွက်ပြေးသွားကြပြီ၊ အချို့ စစ်သားတွေကတော့ လမ်းမှာ အတိုက်ခံရမှာစိုးလို့ မလိုက်ရဲဘူး၊ စခန်းတစ်ခုကို လူသုံးဆယ်တောင် မကျန်တော့ဘူး”လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။

 

သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ နည်းပညာတပ်ရင်း၊ တွင်းငယ်ကျေးရွာမှာ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ (၇)မိုင်ကျေးရွာမှာ စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွေ အသီးသီးရှိနေပေမယ့် ချောင်းကြီးရဲစခန်း အသိမ်းပိုက်ခံရပြီးနောက်မှာ အခုလို စခန်းတွေကို စွန့်ခွာသွားကြတာဖြစ်ပါတယ်။

 

“ချောင်းကြီးမှာက ရွှေတွင်းတွေရှိတော့ လက်နက်ကြီးတွေကို သိပ်မသုံးရဲဘူး၊ သူဌေးတွေကလည်း သူတို့ဟာကို အထိမခံချင်တော့ ဘယ်သူသိမ်းသိမ်း ညှိနှိုင်းပြီး ဆက်လုပ်ဖို့ ပြင်ထားတာ၊ အဲ့ဒီတော့ စခန်းကပဲ အသေခံတိုက်နေရပြီးတော့ ကျသွားတာ၊ အခုစခန်းကျတော့ ပြေးကြရတာပေါ့ စခန်းမှူးတော့ လွတ်သွားတယ်ကြားတယ် အဆက်သွယ်ပြတ်နေတယ်”လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်ကောင်စီရဲ့ စခန်းသုံးခုမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားအချို့နဲ့ မိသားစုဝင်တွေဟာလည်း တော်လှန်ရေးအင်အားစုတွေ လာရောက်တိုက်ခိုက်ပါက ညှိနှိုင်း လက်နက်ချနိုင်ဖို့ပါ ဆွေးနွေးတိုင်ပင်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ဆက်လက်ပြောကြားပေမယ့် ဒီသတင်းအချက်ကို CJ Platform အနေနဲ့တော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

ဓာတ်ပုံ – ပြင်းဦးလွင်ခရိုင်ပကဖ

 

ပုံစာ – ချောင်းကြီးရဲစခန်းကို တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ပြီးနောက် မြင်ရပုံ