အရှေ့ဒဂုံမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်ပတ်ခန့်ကြာမြင့်ပေမဲ့ မရသေး

Author ကိုထက်
Categories
Published on Aug 03, 2024

ရန်ကုန်တိုင်းထဲက ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က ရပ်ကွက်တချို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ ရက်သတ္တပတ်တစ်ပတ်ခန့်အထိ ရှိလာပြီဖြစ်တယ်လို့ မီးပြတ်ရပ်ကွက်‌များမှာနေထိုင်သူများက CJ Platform သို့ ပြောပါတယ်။

 

မိုးများပြီး ရေကြီးနစ်မြုပ်မှုစဖြစ်ခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကနေ ယမန်နေ့ ဩဂုတ်လ ၂ ရက်အထိ လျှပ်စစ်မီးပြတ်တောက်နေတာဟာ ခြောက်ရက်အထိရှိသွားပြီလို့ အရှေ့ဒဂုံ ၁၃ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“ရေက အတော်လေးကျသွားပြီ။ အဲဒါကို မီးမပေးကြဘူး။ ရေတင်ဖို့အတွက်ကို မီးစက်လိုက်ငှားပြီး လုပ်နေရတယ်။ တော်တော်ဒုက္ခရောက်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

အရှေ့ဒဂုံမှာ လျှပ်စစ်မီးရက်ရှည်ပြတ်တောက်နေတဲ့ ရပ်ကွက်တွေကတော့ ၈၊ ၉၊ ၁၂၊ ၁၃ စတဲ့ ရပ်ကွက်တွေဖြစ်တယ်လို့ သိရပါတယ်။

 

“ရေက စဖြစ်တဲ့ရက်တွေကလောက်တော့ အရမ်းမကြီးတော့ဘူး။ နေလို့ထိုင်လို့ ရသလောက်ကျသွားပြီ။ အရှင်းကြီးတော့ မကျသေးဘူးပေါ့နော်။ အဲဒါကလည်း မြောင်းတွေပိတ်တာလည်းပါမယ်။ မီးပြတ်နေတာတော့ တစ်ပတ်ရှိတော့မယ်။ ရေစမြုပ်တဲ့ ရက်တည်းကမလာတာ” လို့ အရှေ့ဒဂုံ ၉ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

အခုလို လျှပ်စစ်မီးရက်ရှည်ပြတ်တောက်နေတာနဲ့ ပတ်သက်လို့ အရှေ့ဒဂုံလျှပ်စစ်မန်နေဂျာရုံးကို CJ Platform က ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

 

ရန်ကုန်တိုင်းရဲ့ နောက်ထပ် ဆင်ခြေဖုန်းမြို့နယ်တစ်ခုဖြစ်တဲ့ ရွှေပြည်သာမြို့နယ်ထဲမှာတော့ ဇူလိုင်လ ပထမပတ်ကနေ တတိယပတ်အတွင်းထိ မီးဆိုးရွားစွာပြတ်တောက်ခဲ့ပေမဲ့ ဇူလိုင် နောက်ဆုံးပတ်ထဲကစလို့ မီးပြန်မှန်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

“ပြီးခဲ့တဲ့လအစနဲ့ အလယ်ပိုင်းမှာတော့ တော်တော်ဆိုးတယ်။ ရေလည်း ကြီးနေတာပါမယ်ထင်တယ်။ အခုရေပြန်ကျပြီးနောက်ပိုင်းတော့ ပြန်မှန်နေပါတယ်” လို့ ရွှေပြည်သာမြို့ခံတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ စစ်အာဏာသိမ်းပြီး လေးကြိမ်မြောက် မိုးတွင်းကာလထဲ အဆိုးရွားဆုံးလျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရတာကြောင့် လာမယ့်နွေရာသီကို တွေးပူမိတယ်လို့ ၎င်းက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်လောက်ကလည်း ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်မီးရက်နဲ့ချီ ပြတ်တောက်တာတွေရှိခဲ့ပါတယ်။

 

အခုမိုးရာသီကာလမှာ မိုးဖြိုင်ဖြိုင်ရွာနေပြီး လျှပ်စစ်ဓာတ်အားတွေ တိုးမြှင့်ထုတ်လုပ်နိုင်ပေမဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေဆဲဖြစ်ပါတယ်။

 

အခုရက်တွေမှာ ရန်ကုန်မှာ လျှပ်စစ်မီးကို အုပ်စု A/B ခွဲကာ မနက် ၈ နာရီမှ နေ့လယ် ၁ နာရီ၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီဆိုကာ အလှည့်ကျ မီးပေးနေပါတယ်။

 

ရန်ကုန်မှာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီကစလို့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီးနောက် ပြည်သူလူထုရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်တာတွေ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတချို့ ပိတ်သိမ်းရတာတွေအထိ ဖြစ်ပေါ်လာခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – အရှေ့ဒဂုံမြို့နယ်တွင်း တစ်နေရာ