ဖလမ်းမှာ မြို့တွင်းတိုက်ပွဲ ဖြစ်လာမှာစိုးလို့ မြို့နေလူတစ်ဝက်ခန့် ကြိုတင်တိမ်းရှောင်

Author ဆလိုင်း
Categories
Published on Jun 03, 2024

ချင်းပြည် မြို့တော် ဖလမ်းမှာ မြို့တွင်းတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့နေလူတစ်ဝက်ခန့်ဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေသူ များပြားလာနေတယ်လို့ အဲဒီကဒေသခံတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့လပိုင်းထဲ ဖလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေရှိလာတာကြောင့် ဘဏ်အပ်ငွေတွေကို ခရီးစရိတ်အဖြစ် အသုံးပြုဖို့ ထုတ်ယူပြီး ထွက်ပြေးတိမ်းရှောင်နေကြတာလို့ အဲဒီက ဒေသခံတွေက ဆိုပါတယ်။

 

“သူတို့ လမ်းစရိတ်အတွက် ဘဏ်တွေထဲက ငွေတွေထုတ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတာပါ။ မြို့ထဲမှာလည်း ပစ်ခတ်သံတွေ ခဏခဏ ကြားနေရတယ်။ ပြီးတော့ မြို့သိမ်းတိုက်ပွဲ စတင်မယ်လို့ သတင်းတွေ ကောလဟာလ ထွက်နေတယ်။ အဲ့ဒါကြောင်း ဒေသခံတွေဟာ စိုးရိမ်ကြလို့ ကြိုတင်ရှောင်ထားတဲ့ သဘောပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

ဖလမ်းမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ ည ၈ နာရီအချိန်လောက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်တာကြောင့် ဈေးဟောင်းရပ်ကွက်ရှိ အရပ်သား နေအိမ်အချို့ မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

 

အဲဒီ ပစ်ခတ်မှုအပြီးမှာ ဖလမ်းမြို့နဲ့ အနီးနား ကျေးရွာတွေက ဒေသခံတွေဟာ မြို့တွင်း တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေကြပြီး နေ့စဉ် ထွက်ပြေးတိမ်းရှောင်နေသူတွေ ပိုမိုများပြားလာတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“တိုက်ပွဲက တီးတိန်နဲ့ တွန်းဇံမြို့တွေလို ဖြစ်ရင်ဆိုပြီး ကြောက်ကြလို့ မြို့နဲ့ အနီးနားရွာတွေက ထွက်ပြေးတိမ်းရှောင်ကြတာပါ။ အခုဆို မြို့ထက်ဝက်လောက်နဲ့ ငွေကြေးအဆင်ပြေတဲ့ လူတွေက ထွက်ပြေးကြပြီ။ သတင်းတွေကလည်း တောက်လျောက် ကောလာဟလတွေထွက်နေတယ်” လို့ သူက ဆိုပါတယ်။

 

ဖလမ်းမြို့နဲ့ အနီးနားဝန်းကျင် ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကောလာဟလ သတင်းတွေကြောင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုလုပ်ကြဘဲ မိမိနေအိမ်မှာ မစိုးရိမ်ဘဲ နေထိုင်ကြဖို့ ဖလမ်းလူမှုရေးအသင်းက မေလ (၃၁) ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဖလမ်းမြို့မှာ လူဦးရေ တစ်သောင်းနီးပါးရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Local

 

ပုံစာ – ဖလမ်းမြို့တွင်းတစ်နေရာကို တွေ့မြင်ရစဉ်