မန္တလေး လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ(၁၅)ဦးထဲက သေဆုံးသူ သုံးဦးထိရှိလာ
မန္တလေးမှာ မေလ ၃၁ ရက် မနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ၈၁ လမ်းနဲ့ ၈၂ လမ်းကြား၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားရှိ လျှပ်စစ်နဲ့ မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်မှာ ဂက်စ်အိုးဖလှယ်ရာကနေ ယိုစိမ့်မှုဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ လူ(၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးကုသမှုခံယူရင်း သေဆုံးသူ သုံးဦးအထိရှိလာခဲ့ပြီလို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အဲဒီမီးလောင်မှုကြောင့် အမျိုးသား ကိုးဦးနဲ့ အမျိုးသမီးခြောက်ဦး မီးလောင်ဒဏ်ရာတွေရခဲ့ကြတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး သူတို့တွေထဲက အမျိုးသားတစ်ဦးဟာ မေ ၃၁ ရက် ညပိုင်းမှာ သေဆုံးခဲ့တဲ့အပြင် ဇွန် ၁ ရက်မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ဒီနေ့ ဇွန် ၃ ရက်မှာလည်း နောက်ထပ် အမျိုးသားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်တယ်လို့သိရပြီး ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူနေရတဲ့သူတွေအပြင် သေဆုံးသွားသူတွေကိုလည်း မန္တလေးတိုင်း မီးသတ်ဦးစီးနဲ့ ရန်ကုန်တိုင်းမီးသတ်ဦးစီးအပါအဝင် အလှူရှင်တွေက ငွေကြေးလှူဒါန်းမှုတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတဲ့ ကျန်တဲ့သူတွေရဲ့ အခြေအနေကိုလည်း ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီမီးလောင်မှုနဲ့ ပတ်သက်လို့ မီးလောင်မှု စတင်ဖြစ်ခဲ့တဲ့ ဆိုင်ပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာတို့ နှစ်ဦးကို အမှတ်(၈)မြို့မရဲစခန်းက (ပ-၉၀/၂၀၂၄)၊ ပုဒ်မ (၂၈၅)၊ (၃၃၇/၃၃၈)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီ ကြေးသွန်းရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ မန္တလေးမြို့မှာ မေ ၃၁ ရက်က မီးလောင်ကျွမ်းမှုအပါအဝင် မေလအတွင်း မီးလောင်ကျွမ်းမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ရာက လူနေအိမ် အလုံး (၄၀) ထက်မနည်း မီးလောင်ဆုံးရှုံးမှုကြုံခဲ့ပြီး အိမ်ထောင်စု (၅၀)လောက် မီးဘေးသင့်ခဲ့တယ်လို့ မီးလောင်မှုဖြစ်စဉ်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Than Htay၊ လူမှုကွန်ရက်