တော်လှန်ရေးတပ်ဖွဲ့တွေကို နှစ်ဖွဲ့ခွဲပြီးလာတိုက်တဲ့ စစ်ကောင်စီစစ်ကြောင်း တစ်ရက်တည်း သုံးကြိမ် တိုက်ခိုက်ခံရလို့ သုံးဦးသေ

Published on Jun 03, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် တောင်ပေါ်ကြို့ကုန်းအုပ်စု မကျီးစမ်းရွာကနေ သိမ်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇွန် ၁ ရက်က သုံးကြိမ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာမှာ တပ်စွဲနေတဲ့ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား (၄၀)ဦးပါ စစ်ကြောင်းဟာ သိမ်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မွန်းလွဲ ၁ နာရီခွဲလောက် ပြင်ကြီးရွာနဲ့ ကျောက်ကြီးတောင်ကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့က ဒီနေ့ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

တစ်ဆက်တည်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို နှစ်ဖက်ညှပ်တိုက်ခိုက်ဖို့ ခွဲထွက်လာတဲ့ စစ်ကြောင်းကို ကျောက်ကြီးတောင်ကျေးရွာအနီးမှာ ပထမအကြိမ် ပဒေသာမိုင်း သုံးလုံးနဲ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က တစ်ကြိမ်၊ ည ၈ နာရီ ၄၅ မိနစ်လောက်က နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခဲ့တယ်လို့ သိရပါတယ်။

 

“ဒီကောင်တွေက ညဘက်လှုပ်ရှားတာများတယ်။ သေတာကတော့ ရဲဘော်တွေမြင်တွေ့ခဲ့တာပါပဲ။ ကျွန်တော်တို့ကို ညှပ်တိုက်ဖို့ နှစ်ဖွဲ့ခွဲထွက်လာတာကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ” လို့ ၃၆၀၁ PPDF တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

တိုက်ခိုက်မှုတွေပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ညနက်အချိန်မှာ မကျီးစမ်းရွာဘက်ကို ပြန်ဆုတ်သွားပြီး လက်ရှိအချိန်မှာ ငြိမ်နေတယ်လို့ ဆိုပါတယ်။

 

အဲဒီလုပ်ဆောင်မှုတွေကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း ၊ တပ်ခွဲ ၂ နဲ့ တပ်ခွဲ (၄)တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင် အထိုင်စခန်းက အင်အား ၂၂ ဦးဟာ ပြန်ချီတက်ကျေးရွာကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဆင်းလာပြီး သစ်ပုတ်ရွာဘက်အပြန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ(၁)က မေလ ၅ ရက် ညနေ ၆ နာရီ ၄၀ အချိန်က သစ်ပုတ်ရွာနဲ့ ပြန်ချီတက်ရွာကြား ကျောက်တောင်အနီးမှာ ပဒေသာမိုင်း လေးလုံးဆွဲပြီးတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေ၊ နှစ်ဦးအပြင်းအထန်ဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- PPDF တပ်ဖွဲ့ဝင်များ