လှိုင်သာယာမှာ ရာအိမ်မှူးတစ်ဦး ကွမ်းယာဝယ်နေတုန်း ပစ်ခတ်ခံရပြီး သေဆုံး

Author ကိုထက်
Categories
Published on Jun 03, 2024

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၃)ရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးဟာ လမ်းထိပ်မှာ ကွမ်းယာဝယ်နေတုန်း သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့လိုက်သူတွေထံက သိရပါတယ်။

 

ဇွန်လ ၁ရက် ညပိုင်းက ၃ရပ်ကွက် ကမ်းပတ်တာလမ်းထိပ်က ကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်နေတုန်း ဘေးတွဲဆိုင်ကယ်နဲ့လူနှစ်ဦးက ပစ်ခတ်သွားတာလို့ အမှတ် (၃)ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“လမ်းထိပ်မှာ ကွမ်းဝယ်နေတုန်း ပစ်သွားတာ။ ရုတ်တရက်ဆိုတော့ အကုန်ကြောင်သွားကြတယ်။ ပစ်သွားတဲ့သူတွေက ဘေးတွဲနဲ့လာတာ။ ပစ်ပြီးတာနဲ့ မောင်းထွက်သွားတာ။”လို့ သူကပြောပါတယ်။

 

ပစ်ခတ်ခံရတဲ့ အဲဒီရာအိမ်မှူးကို ရွှေရောင်လင်း ပုဂ္ဂလိကဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ (၃)ရပ်ကွက်ကို စစ်ကောင်စီတပ်က အဲဒီညမှာ ဧည့်စာရင်းစစ်တာတွေ၊ ရှာ‌ဖွေတာတွေ လုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းဥပဒေဖော်ဆောင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံရမှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှူတွေ ရှိနေတာပါ။

 

မေလ (၃၀)ရက် ညပိုင်းကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ ရာအိမ်မှူးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလကလည်း အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါ‌သေးတယ်။