အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ နောက်ဆုံးနေ့တွင် ပြည်နယ်တစ်ခု၌ အပူချိန်မြင့်မားမှုကြောင့် မဲရုံဝန်ထမ်း (၃၃) ဦး သေဆုံးခဲ့ရ

Author အဂ္ဂ
Categories
Published on Jun 03, 2024

အိန္ဒိယနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အပူချိန်အဆမတန် ပြင်းထန်ခဲ့တာကြောင့် ရွေးကောက်ပွဲကျင်းပရာ နောက်ဆုံးနေ့အတွင်း ပြည်နယ်တစ်ခုတည်းမှာပဲ မဲရုံဝန်ထမ်း (၃၃) ဦးသေဆုံးခဲ့ရတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထိပ်တန်းအရာရှိတစ်ဦးပြောကြားချက်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ အူတာပရာဒက်ရှ် (Uttar Pradesh) ပြည်နယ်ရဲ့ ရွေးကောက်ပွဲ အရာရှိချုပ်ဖြစ်သူ နဗ်ဒိ ရင်ဝါ (Navdeep Rinwa)က ရွေးကောက်ပွဲ သတ္တမမြောက် နေ့လည်းဖြစ် မဲပေးမှုနောက်ဆုံးအဆင့်ကျင်းပ ပြီးစီးခဲ့တဲ့နေ့လည်းဖြစ်တဲ့ စနေနေ့ (ဇွန်လ  ၁ရက်) မှာ

အပူချိန်မြင့်မားမှုကြောင့် မဲရုံးဝန်ထမ်း (၃၃) ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 

သေဆုံးသူတွေထဲမှာ လုံခြုံရေးဝန်ထမ်းတွေနဲ့ သန့်ရှင်းရေး ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

“သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို လျော်ကြေးအဖြစ် ရူပီး ၁ ဒဿမ ၅ သန်း (အမေရိကန်ဒေါ်လာ ၁၈,၀၀၀) ပေးအပ်သွားမှာပါ”လို့ မစ္စတာရင်ဝါက သတင်းထောက်တွေကို တနင်္ဂနွေနေ့ (ဇွန် ၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ် (၁၁၃ ဒီဂရီဖာရင်ဟိုက်) အထက် အထိ မြင့်တက်ခဲ့တာကြောင့် နေရာအနှံ့မှာ လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် အခုလို တစ်ရက်တည်းအတွင်းမှာ ဝန်ထမ်းတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ ကိစ္စကတော့ တကယ့်ကို စိတ်မကောင်းဖွယ်ရာ ထိခိုက်သေဆုံးမှုကြီး ပါပဲ။

 

ဒါ့အပြင် ဘယ်လီယာ (Ballia) မြို့မှာ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အမျိုးသားတစ်ဦး သတိလစ် လဲကျသွားခဲ့တာမျိုး ဖြစ်ခဲ့သေးတယ်လို့ မစ္စတာ ရင်ဝါက ပြောပြခဲ့ပြီး “သူ့ကို ကျန်းမာရေး ဌာနကို ပို့ဆောင်ပေးခဲ့ပေမယ့်လည်း ဌာနကို ရောက်လာတဲ့ အခါမှာတော့ အသက်သေဆုံး သွားခဲ့ပါတယ်”လို့လည်း ဆက်ပြောပါတယ်။

 

 

အိန္ဒိယနိုင်ငံရဲ့ မိုးလေတသဌာန (IMD) က ဂျန်ဆီ (Jhansi) မြို့မှာ အပူချိန်ဟာ ၄၆ ဒဿမ ၉ ဒီဂရီ စင်တီဂရိတ် (၁၁၆ ဒီဂရီဖာရင်ဟိုက်) အထိမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယမီဒီယာတွေကတော့ ပြီးခဲ့တဲ့ စနေနေ့မှာ ဘယ်လီယာမြို့ရဲ့ အပူချိန်အညွှန်းကိန်း (လေထုအပူချိန်နဲ့ စိုထိုင်းဆကြောင့် လူတွေ အမှန်တကယ် ခံစားရတဲ့အပူချိန်) ဟာ ၆၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။

 

Hindustan Times သတင်းစာကတော့ စနေနေ့တစ်ရက်တည်းမှာပဲ အိန္ဒိယနိုင်ငံတဝှန်း အပူချိန် လွန်ကဲမှုကြောင့် သေဆုံးရသူ စုစုပေါင်း (၅၈) ဦးရှိတယ်လို့ဖော်ပြခဲ့ပြီး သေဆုံးသူတွေဟာ အူတာပရာဒက်ရှ်၊ ဘီဟ(Bihar)၊ အိုဒီရှာ (Odisha)၊ နဲ့ မဒ်ဟရာ ပရာဒက်ရှိ (Madhya Pradesh) ပြည်နယ်တွေက ဖြစ်ကြတယ်လို့ ဆိုပါတယ်။

 

ဘီဟာပြည်နယ်မှာ ရွေးကောက်ပွဲနဲ့ ဆက်နွယ်နေတဲ့ သေဆုံးသူ (၁၀) ဦးထက်မနည်း ရှိခဲ့ပြီး သေဆုံးသူ ဦးရေက ဆက်လက်မြင့်တက်လာနိုင်တယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အိုဒီရှာပြည်နယ်မှာလည်း စနေနေ့မှာပဲ အပူဒဏ်ကြောင့် သေဆုံးသူ ကိုးဦးရှိခဲ့ပြီးနောက်မှာတော့ နှစ်ရက်အတွင်း သေဆုံးသူပေါင်း (၅၄) ဦး အထိ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

 

ကျွမ်းကျင်သူတွေကတော့ လူတစ်ဦးဟာ ရေဓာတ်ခမ်းခြောက်ခဲ့မယ်ဆိုရင် သွေးတွေဟာ ပျစ်ခဲလာပြီး ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးဆုံးရှုံးတာမျိုး ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။

 

အိန္ဒိယနိုင်ငံမှာတော့ နွေရာသီရောက်ပြီဆိုတာနဲ့ အပူချိန်လွန်ကဲပြင်းထန်လာတတ်တာက အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာပြုလုပ်ခဲ့တဲ့ သိပ္ပံနည်းကျ  သုတေသနတွေအရ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူလှိုင်းတွေဟာ ပိုပြီးရှည်ကြာလာနိုင်ပြီး မကြာခဏ အပူလှိုင်း ဖြတ်တာမျိုးနဲ့ အပူချိန်ပိုပြီးပြင်းထန်လာတာမျိုး ကြုံလာရနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 

အခြားတစ်ဖက်မှာတော့ စနေနေ့ညနေပိုင်း မဲပေးမှုတွေအပြီးမှာတော့ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒယာ မိုဒီ (Narendra Modi) ဟာ ပြိုင်ဘက်တွေထက် မဲရလဒ် အသာနဲ့ လော့ခ်ဆဘ်ဟ (Lok Sabha) လို့ ခေါ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အောက်လွှတ်တော်မှာလည်း အမတ်နေရာအများစုကို သိမ်းပိုက်သွားနိုင်ပြီးနောက် ရှားရှားပါးပါးအနေနဲ့ တတိယအကြိမ် သက်တမ်းအတွက် ထပ်မံရွေးချယ်ခံရနိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

 

ပြီးခဲ့တဲ့ စနေနေ့ ညနေမှာ ပြီးဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲဟာ အချိန်အားဖြင့် ခြောက်ပတ်ကျော် ကြာမြင့်ခဲ့ပြီး  အဆင့်ခုနစ်ဆင့်နဲ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ မဲပေးပွဲမှာ အိန္ဒိယနိုင်ငံသား တစ်ဘီလီယံ (သန်း တစ်ထောင်) နီးပါးက မဲပေးဖို့ စာရင်းသွင်းခဲ့ကြပါတယ်။

 

ဆန္ဒမဲတွေကို အင်္ဂါနေ့မှာ ရေတွက်မှာဖြစ်ပြီး အပြီးသတ်ရလဒ်တွေကိုလည်း အင်္ဂါနေ့ကုန်ဆုံးပြီးတာနဲ့ ကြေညာဖွယ်လည်း ရှိပါတယ်။

 

ပုံစာညွှန်း – အူတာပရာဒက်ရှ်ပြည်နယ် ပရာယာဂရစ်တွင် ရာသီဥတုပူပြင်းနေသည့်အခိုက် တာဝန်ကျရာမဲရုံများသို့ မသွားရောက်မီ ရပ်နားထားသည့် ဘက်စ်ကားအောက်တွင် အနားယူနေသည့် မဲရုံတာဝန်ရှိသူများကို တွေ့ရစဉ်

 

ဓာတ်ပုံ –  Rajesh Kumar Singh/AP

 

ကိုးကား – Al Jazeera

Related News

Depend on news