ရခိုင်တစ်ပြည်လုံး ကို သိမ်းမယ်လို့ AAဆို

Author လဂွန်းအိမ်
Categories
Published on Jun 03, 2024

အပြစ်မဲ့အရပ်သားတွေကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ အမိန်ပေးစေခိုင်းသူ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပတ်သတ်သူအားလုံးကို တုံ့ပြန်ပြီး ရခိုင်တစ်ပြည်လုံးကို သိမ်းမယ်လို့  ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် ULA/AA က ဇွန်လ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAတို့ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော် AAက ရခိုင်မြောက်ပိုင်းကနေစတင်ပြီး တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက် လာခဲ့ရာ ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေအပါအဝင် လက်ကျန်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ရက္ခိုင်တစ်ပြည်လုံးကိုသိမ်းဖို့လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဘူးသီးတောင်မြို့ကို မေလ ၁၈ ရက်မှာ သိမ်းပိုက်ခဲ့ပြီးပေမယ့် စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်ဆိုသလို အာရက္ခတပ်တော်က ဆက်လက်တိုက်ခိုက်နေခဲ့ရာ စစ်ကောင်စီက တပ်စခန်း များစွာစွန့်လွတ်နေရပြီး ခံစစ်ပြင်ခုခံမှုတွေနဲ့ ထိုးစစ်ဆင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတဲ့ကြားက  အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ မောင်းတောမြို့နယ်၊  ကျောက်ဖြူမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်နဲ့ မာန်အောင်မြို့နယ်တွေကို ဆက်လက်သိမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ညက လေယာဉ်ကွင်းနားမှာ တိုက်ပွဲဖြစ်တယ် အနီးနားကျ ကျေးရွာတွေကတော့ အကုန်ထွက်ပြေးကုန်ပြီ သံတွဲလေယာဉ်ကွင်းက မြို့နဲ့ လေးမိုင်ကွာတယ်၊ စစ်တပ်က လေယာဉ်ကွင်းထဲမှာ တပ်စွဲထားတယ်”လို့ သံတွဲမြို့မှာ မိသားစုဝင်တွေ ကျန်ရှိခဲ့သူ အဝေးရောက် သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

 

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လေ့ရှိပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျေးရွာမီးရှို့မှုတွေပြုလုပ်တဲ့အပြင် ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ်မှာ တစ်ကြိမ် ပြုလုပ်ခဲ့ရာ အခုအခါ စစ်တွေမြို့ရှိ ဗျိုင်းဖြူကျေးရွာမှာလည်း မေလ ၂၈ ရက်က လူ ၅၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

အဲ့ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ လုပ်ရပ်တွေအဖြစ် AAက ဖော်ပြထားပြီး အပြစ်မဲ့အရပ်သားတွေကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ အမိန်ပေးစေခိုင်းသူ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပတ်သတ်သူအားလုံးကို ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့လည်း ဆိုထားပါတယ်။

 

ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ လူကြီး၊လူငယ် အပါအဝင် ကလေးငယ်တွေပါ ဖမ်းဆီးခဲ့တဲ့အပြင် အမျိုးသမီးတွေကိုလည်း အဓမ္မကျင့် အလောင်းဖျောက် ခဲ့တယ်လို့သိရပြီး လူ ၅၀ ကျော် သေဆုံးစာရင်းနဲ့အတူ AA က ထုတ်ပြန်ထားခဲ့ပါသေးတယ်။

 

စစ်ကောင်စီက ဗျိုင်းဖြူကျေးရွာကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPက တပ်ဖွဲ့တွေ၊ လောလောလတ်လတ် စစ်ပညာသင်ပေးထားတဲ့ မွတ်ဆလင်တပ်ဖွဲ့ဝင်တွေနဲ့အတူ အင်အား ၁၇၀ လောက်နဲ့ တစ်ရွာလုံးရှိ လူအားလုံးကိုဖမ်းဆီးခဲ့သလို လက်ပြန်ကျိုးတုတ်၊ အစာရေစာမကျွေးပဲ နှိပ်ဆက်ညှင်းပန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပြီး တန်ဖိုးရှိ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ် တွေကိုလည်း လုယူတဲ့အပြင် နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။