မိုးကာလစပြီဖြစ်လို့ ရေဦးနဲ့ ခင်ဦးက စစ်မီးသင့်ဒုက္ခသည်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေ

Author မင်းထက်
Categories
Published on Jun 03, 2024

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ် နေသူတွေ သောင်းနဲ့ချီရှိနေပြီး အခုမိုးတွင်းကာလအတွက် အရေးပေါ် အမိုးအကာတွေ၊ စားနပ်ရိက္ခာ တွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အာဏာသိမ်းချိန်ကစလို့ ဒီနေ့ ဇွန်လ ၃ ရက်အထိ ရေဦးမြိုနယ်က ရွာ ၅၀ ကျော်နဲ့ ခင်ဦးမြို့ နယ်က ရွာ ၈၀ ကျော်က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီရွာတွေထဲက တချို့မီးဘေးသင့် ရွာတော်တော်များများဟာ ကူညီထောက်ပံ့မှုမရကြသေးဘူးလို့ သိရပါတယ်။

 

“အကူညီလိုအပ်နေကြတဲ့ မီးဘေးသင့်ပြည်သူက နှစ်မြို့နယ်ပေါင်း သောင်းချီရှိနေတယ်။ ဒီမီးဘေးသင့်ပြည်သူတွေက သုံးနှစ်ကျော်ကြာလာတာနဲ့အမျှ စားရေးသောက်ရေး နေရေးထိုင်ရေး အကူအညီလိုအပ်နေကြတယ်။ ကူညီမှုရတဲ့ရွာတွေက ဆက်တိုက်ရနေကြတယ်။ တစ်ခါမှ အကူအညီမရကြသေးတဲ့ရွာတွေက များနေတယ်” လို့ ရေဦးမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူ People Defense Comrade အဖွဲ့မှ တာဝန်ရှိသူ ကိုထူးခန့်ဇော်( အမေ့သား )က CJ Platform ကိုပြောပါတယ်။

 

ပြည်သူတချို့က မီးလောင်ပြင်မှာကျန်ခဲ့တဲ့ အကြွင်းအကျန်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး တဲထိုးနေထိုင်တာနဲ့ ထန်းလက်တဲထိုးပြီး နေထိုင်နေရတာတွေကြောင့် အခုမိုးရာသီမှာ ရာသီဥတုဒဏ် ခံနိုင်ဖို့ အမိုးအကာတွေလိုအပ်နေပါတယ်။ စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေတဲ့အတွက် ပြည်တွင်း၊ ပြည်ပကအလှူရှင်တွေအနေနဲ့  တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်း ဆိုထားပါတယ်။

 

“မီးဘေးသင့်ရွာတွေအတွက် ကူညီပေးကြဖို့လည်း အကူညီတောင်းဆိုချင်တယ်။ ပေ ၂၀ ပတ်လည် မိုးကာတစ်ချပ်ကို ရှစ်သောင်းကျော်ရှိတယ်။ ဆန်တစ်တင်းကို တစ်သိန်းသုံးသောင်းကျပ် ရှိနေတယ်။ ကျွန်တော်တို့အနေနဲ့  ပေ ၂၀ ပတ်လည် မိုးကာလေးတွေကို ကူညီပေးနိုင်ဖို့ကြိုးစားနေတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုလည်း အများကြီးလိုနေပါသေးတယ်” လို့ ကိုထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

 

ရေဦးနဲ့ ခင်ဦးမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရွာအနီးဝန်းကျင်က ဒေသခံတွေလည်း လယ်ယာလုပ်ငန်းတွေ မလုပ်နိုင်ကြတာရှိသလို စစ်ကောင်စီအန္တရာယ်ကို ကြောက်ရွံ့စိုးရိမ်နေကြရတာဟာ နှစ်နဲ့ချီပြီးကြာမြင့်နေပြီဖြစ်တယ်လို့ ရေဦးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ပြီးတဲ့ ၂ နှစ်လောက်က ဖြစ်မယ်။ ရွာကို စစ်ကြောင်း၀င် မီးရှို့တာတွေ ရှိကတည်းက အိုးပစ်အိမ်ပစ် ပြေးလာလိုက်တာ။ အဲဒီလိုလူတွေအများကြီးပဲ။ တချို့နယ်တွေတော့ ကိုယ့်ရွာကိုယ်ပြန်ပြီး လယ်ယာလေးတွေလုပ်လိုက်၊ စစ်ကြောင်းလာပြီဆို ပြေးလိုက်ကြနဲ့ပါပဲ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံအဖွဲ့အစည်းတွေက စစ်ဘေးဒုက္ခသည်တွေရဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် ကူညီပေးနေတာတွေရှိပေမဲ့ လောက်ငှအောင်အထိ မရတဲ့အပြင် ဘာတစ်ခုမှမရသေးတဲ့ကျေးရွာအများအပြားလည်းရှိနေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေဆီက သိရပါတယ်။

 

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ ပြီးခဲ့တဲ့ မေလ ၄ ရက် စာရင်းအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော်ရှိနေပြီး ဒါဟာ ခြောက်လအတွင်း ငါးဆယ်ရာခိုင်နှုန်း မြင့်တက်လာတာလို့ ဆိုပါတယ်။

 

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး