စစ်ကောင်စီကျောင်းတွေကို အပ်နှံသူ နှစ်သန်းနီးပါး လျော့ကျ၊ ယနေ့ ကျောင်းတွေ စဖွင့်

Author ကိုထားဝယ်
Categories
Published on Jun 03, 2024

၂၀၂၄-၂၀၂၅ စာသင်နှစ်အတွက် စစ်ကောင်စီရဲ့ အခြေခံပညာကျောင်းတွေမှာ အပ်နှံသူဦးရေဟာ ပြီးခဲ့တဲ့စာသင်နှစ်ကထက် နှစ်သန်းနီးပါးလျော့ကျသွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေဆီ အပ်နှံသူ ကျောင်းသား/သူဦးရေ ရှစ်သန်းကျော်ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၆ ဒသမ ၃ သန်းကျော်သာရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့စာရင်းဇယားတွေအရ သိရပါတယ်။

 

ဒါပေမဲ့ မနှစ်က အမှန်တကယ်တက်ရောက်ခဲ့သူက ခြောက်သန်းကျော်ပဲရှိခဲ့တာကြောင့် ကျောင်းတက်ရောက်ဖို့ ပျက်ကွက်သူ ၁ ဒသမ ၃၄ သန်းကျော်ရှိခဲ့တယ်လို့ ဒီနှစ်ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားပါတယ်။

 

စစ်ကောင်စီလက်အောက်ခံကျောင်းတွေဆီ အပ်နှံပြီး မတက်ခဲ့သူတွေဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားရာဒေသတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ကရင်နီ(ကယား)၊ ရခိုင်နဲ့ ရှမ်းပြည်(မြောက်ပိုင်း)ဒေသတွေက ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ အဲဒီထဲ လွိုင်ကော်မြို့နယ်မှာ ၁၀ဝ ရာခိုင်နှုန်း တက်ရောက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။

 

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့ရာမှာ မနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ရှမ်းမြောက်က ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အရှိန်အမြင့်ဆုံးကို ရောက်ရှိစေခဲ့တာပါ။

 

အဲဒီစစ်ဆင်ရေးနဲ့အတူ အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေကလည်း စစ်ဆင်ရေးတွေလိုက်လံဖော်ဆောင်ခဲ့သလို ကရင်နီ(ကယား)မှာ ကရင်နီအမျိုးသားများလွတ်မြောက်ရေးတပ်မတော်(KNDF)ကလည်း နိုဝင်ဘာ ၁၁ ရက်မှာ ၁၁၁၁(တစ်လေးလုံး)စစ်ဆင်ရေးကို စတင်ခဲ့တာပါ။

 

နောက်ပြီး အာရက္ခတပ်တော် AA ကလည်း ရခိုင်ပြည်စစ်မျက်နှာကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်(KIA)က ဒီနှစ် မတ်လ ၇ ရက်နေ့ကစလို့ ကချင်ပြည် စစ်မျက်နှာကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ကရင်ပြည်မှာလည်း ကရင်အမျိုးသားများလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက တိုက်ပွဲအရှိန်မြှင့်တင်ခဲ့ပါတယ်။

 

စစ်ကောင်စီဟာ ကိုးကန့်တပ် MNDAA ၊ တအောင်းတပ် TNLA ရှမ်းမြောက်က မြို့တွေ၊ အာရက္ခတပ်တော် AA ဆီ ရခိုင်ပြည်မြောက်ပိုင်းတခွင်နီးပါး၊ KIA ဆီ ကချင်ပြည်က မြို့တွေ၊ KNLA ဆီ ကရင်ပြည်ကမြို့တွေ စတဲ့မြို့တွေ အမြောက်အမြား လက်လွှတ်ပေးခဲ့ရတဲ့အပြင် ရှမ်းပြည်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာလည်း ပအိုဝ်းအမျိုးသားများလွတ်မြောက်ရေးတပ်(PNLA)နဲ့ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် အဲဒီမှာလည်း ကျောင်းတွေဖွင့်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

 

ဒါကြောင့် မနှစ်ကထက် စစ်ကောင်စီ ကျောင်းတွေ ဖွင့်လှစ်မှုလျော့ကျသလို ကျောင်းအပ်နှံသူလည်း လျော့ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီနှစ် ၂၀၂၄-၂၅ စာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကာလအဖြစ် မေလ ၂၃ ကနေ ဇွန်လ ၂ နေ့အထိ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ