ခရီးသွားများဓာတ်ပုံရိုက်ရန်အကြိုက်တွေ့သည့် ရွာငံ-အောင်ပန်းလမ်းပိုင်းရှိ ယူကလစ်ပင်တန်းက သစ်ကိုင်းများ မိုးသက်လေပြင်းကြောင့်ကျိုးကျ၍ နာရီများစွာကြာလမ်းပိတ်

Author အညာသား
Categories
Published on May 03, 2024

ခရီးသွားများကြား ဓာတ်ပုံရိုက်ရန် ရေပန်းစားသော ရှမ်းပြည်(တောင်ပိုင်း) ရွာငံ-အောင်ပန်း ပဲရင်းတောင်အနီး ထင်ရှားသည့်ယူကလစ်ပင်တန်းမှ သစ်ကိုင်းများကျိုးကျကာ မေ ၂ ရက်က လမ်းပိတ်သည်အထိဖြစ်ပေါ်ခဲ့ရာမှ ယနေ့ မေ ၃ ရက်တွင် ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကျောက်ဆည်-ဟန်မြင့်မိုရ်-ရွာငံလမ်းပိုင်းသည် မန္တလေးမြို့နှင့် ရှမ်းပြည်(တောင်ပိုင်း) ကုန်စည်စီးဆင်းရာ အဓိကလမ်းပိုင်းဖြစ်သည့်အပြင် ကုန်စည်ပို့ဆောင်ရေးယာဉ်များနှင့် ခရီးသွားယာဉ်များ အများစု အသုံးပြုသည့်လမ်းကြောင်းဖြစ်သည်။

“မနေ့က လေကြီးမိုးကြီးကျပြီး ပဲရင်းတောင်အနီး နောင်ရိုးဆီဆိုင်မြောက်ဘက်နား ယူကလစ်ပင်တန်းက သစ်ကိုင်းတွေကျိုးကျတဲ့အတွက် လမ်းပိုင်းခဏပိတ်သွားသလိုဖြစ်သွားတယ်။ ဒီနေ့ မေ ၃ ရက်မှာတော့ ပုံမှန်အတိုင်း ယာဉ်အသွားအလာတွေလုပ်လို့ရနေပြီ” ဟု ရွာငံမြို့ခံတစ်ဦးက ပြောသည်။

လေမိုးဒဏ်ကြောင့် သစ်ကိုင်းများကျိုးကျပျက်စီးသွားသော အဆိုပါယူကလစ်ပင်တန်းသည် ရွာငံလမ်းပိုင်းတွင် ထင်ရှားသည့်အမှတ်သားတစ်ခုပုံစံဖြစ်နေသည့်အတွက် ဘုရားဖူးနှင့် ခရီးသွားများအနေဖြင့် ထိုနေရာရောက်ပါက ခေတ္တရပ်နားပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်သည့်နေရာလည်းဖြစ်သည်။

မြန်မာနိုင်ငံတဝန်း ဧပြီလကုန်ပိုင်းထိ နေ့အပူချိန်များမြင့်တက်ကာ လူသေဆုံးသည်အထိ အပူဒဏ်ကိုဆိုးရွားစွာခံစားခဲ့ရသည်။

 

ထို့ကြောင့် မေ ၁ ရက်မှစတင်ကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းကဲ့သို့ အပူပိုင်းဒေသများသာမက ရှမ်းနှင့် ကချင်ကဲ့သို့ အအေးပိုင်းဒေသများအထိ  မိုးသက်လေပြင်းများကျရောက်ခဲ့မှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ နေအိမ်အဆောက်အအုံများပျက်စီးခြင်း၊ ဘုရားကျောင်းကန်နှင့် ဓာတ်တိုင်များ ကျိုးကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ယနေ့ မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်း၊ မလှိုင်မြို့၊ မြင်းခြံ-မိတ္ထီလာလမ်း၊ မိုင်တိုင်အမှတ်(၁၉/၂)တွင် မိုးသက်လေပြင်းကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့သည့်အပြင် ယင်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ မလှိုင်-ကံကြီးကားလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့်အတွက် ယင်းနေရာနှစ်ခုသို့ မလှိုင်မြို့နယ်မီးသတ်စခန်းမှ သွားရောက်ရှင်းလင်းပေးခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ယနေ့ မေလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်က မကွေးတိုင်း၊ စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း၊ မိုင်တိုင်အမှတ်(၄၁)နှင့်(၄၂)ကြားတွင် မိုးရွာသွန်းနေစဉ် မောင်းနှင်နေသည့် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိသဖြင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

 

၎င်းတို့ကို စလင်းမြို့ကြက်ခြေနီအသင်းယာဉ်ဖြင့် စလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယခု မေလတွင် မိုးသက်လေပြင်းမုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်နိုင်သည့်အတွက် သတိနှင့် သွားလာနေထိုင်သင့်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောဆိုထားသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်