မုံရွာတွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်ပြိုကျရာမှ ကလေးငယ်တစ်ဦး သေဆုံးကာ နေအိမ်အချို့ ပျက်စီး

Author လဂွန်းအိမ်
Categories
Published on May 03, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မေ ၁ ရက်နေ့ ညနေပိုင်းက လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နေအိမ်များနှင့် လမ်းမကြီးများပေါ်သို့ သစ်ပင်များကျိုးကျကာ ကလေးငယ်တစ်ဦး နေအိမ် ထုတ်တန်းပိ၍ အသက်ဆုံးပါးခဲ့ရကြောင်း မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့ (မုံရွာ) ထံမှ သိရသည်။

 

ယခုနှစ် နွေရာသီအတွင်း ပထမဆုံး စတင်ရွာသွန်းသည့် မိုးဖြစ်ပြီး မိုးသက်လေပြင်းများ တစ်နာရီကျော်ကြာ ပြင်းထန်စွာ တိုက်ခတ်ခဲ့သည်။

 

” မိုးသီးကြွေတာမျိုးတော့ မရှိဘူးဗျ သစ်ပင်တွေ ကျိုးကျပြီး အိမ်ပေါ်ပိတာပေါ့၊ ဓါတ်တိုင်တွေ လဲတယ်ခင်ဗျ၊ လမ်းပေါ်တွေပါ သစ်ပင်တွေ ကျိုးကျထားတာပါဗျ” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း(မုံရွာ) တာဝန်ရှိသူတစ်ဦးမှ CJ Platform ကိုပြောသည်။

သစ်ပင်ကျိုးကျခြင်းကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး ထန်းတောမြဇီးခြံရပ်ရှိ နေအိမ်တစ်လုံးတွင် ထုတ်တန်းပြုတ်ကျရာမှ ကလေးငယ်တစ်ဦး အသက်ဆုံးပါးခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် မုံရွာ အရာတော်ကားလမ်း နှင့် မုံရွာ မန္တလေးကားလမ်း တို့တွင်လည်း ကားလမ်းမပေါ်သို့ သစ်ပင်များကျိုးကျသဖြင့် ဖယ်ရှားရှင်းလင်းနေကြောင်းသိရှိရပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)နှင့် လူမှုကူညီရေးအသင်းအဖွဲ့များအပြင် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ကူညီရေး၊ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေရကြောင်း သိရသည်။

 

ယခုတိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းဒဏ်ကို စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ဒီပဲယင်း၊ အရာတော်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဘုတလင်နှင့် ကနီ မြို့နယ်များတွင်းလည်း ကြုံတွေ့ခဲ့ရပြီး ဘာသာရေးအဆောက်အဦနှင့် နေအိမ်များ ရာနှင့်ချီ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)