ထမင်းတစ်နပ် ၁၅ ဘတ် ကနေ ၅ဘတ်တော့ ထပ်တိုးခွင့်တောင်းလာတဲ့ ကူမှု အစီအစဉ်

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိခိုလှုံနေကြသူ တော်လှန်ရေးအင်အားစုတွေ အားကိုးနေရတဲ့ ထမင်းတနပ် (၁၅)ဘတ် ကူမှု အကူအညီ အစီအစဉ်မှာ ရံပုံငွေနည်းပါးလာတာကြောင့် အခုတစ်ပတ်ကစတင်ပြီး ဟင်းနဲ့ထမင်းပါ ထမင်းတစ်ဗူးကို ၅ ဘတ်တိုးမြှင့်ကာ ၂၀ ဘတ်ကောက်ခံသွားတော့မှာဖြစ်တယ်လို့ ထမင်းတနပ် (၁၅)ဘတ် အဖွဲ့က မတ်လ ၂ ရက် မနေ့က ညပိုင်းမှာ အသိပေးထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီလို ၂၀ ဘတ်တိုးမြှင့်ကောက်ခံဖို့ မဲဆောက်ကို ရောက်ရှိခိုလှုံနေသူတွေရဲ့ ဆန္ဒသဘောထားကောက်ယူခဲ့ပြီး အများဆန္ဒအရ အပတ်စဉ် အရှုံးခံရမှုနည်းပါးစေရန် ဈေးနှုန်းတိုးမြှင့် ကောက်ခံဖို့ အကြံပြုကြတဲ့အတွက် တိုးမြှင့်ကောက်ခံတာဖြစ်တယ်လို့ ဆိုပါတယ်။
“ လာမယ့် အင်္ဂါနေ့ စပါမယ်ခင်ဗျ။ ရေရှည်အတွက် ရပ်တည်နိုင်ဖို့ လောလောဆယ်မှာ မဆုံးဖြတ်ရသေးပါဘူးခင်ဗျ။ လာမယ့် (၈)လပိုင်း အဖွဲ့(၂)နှစ်ပြည့်ချိန်ထိ မဖြစ်မနေ ဆက်သွားမှာပါ” လို့ ထမင်းတစ်နပ် (၁၅) ဘတ်အဖွဲ့ ဦးဆောင်သူ ကိုမင်းသွေးသစ်က CJ Platform ကိုပြောပါတယ်။
အရင်မှာယူနေကြ ထမင်းဗူးအရေအတွက်တိုင်းဆိုပါက တစ်ပတ်ကို ဘတ် ၃၅၀၀ အရှုံးခံနေရာကနေ အခုလိုတိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် တစ်ပတ်ကို ဘတ် ၁၅၀၀ အပိုပြန်ထွက်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ထမင်းတနပ်(၁၅)ဘတ်အဖွဲ့ဟာ အဖွဲ့သားတွေရဲ့ စုပေါင်းထည့်ဝင်ကူညီငွေနဲ့သာ လည်ပတ်နေခဲ့ပြီး ဘယ်အဖွဲ့အစည်းထံကနေမှ (Proposal / Grants) တောင်းခံပြီး လုပ်ဆောင်နေတာမဟုတ်တာကြောင့် တော်လှန်ရေးအောင်မြင်သည်အထိ ရေရှည်ရပ်တည် ကူညီနိုင်ဖို့ ဝင်ငွေရမယ့်လုပ်ငန်းတစ်ခု လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
အဲဒီလုပ်ငန်းတွေကနေ ဝင်ငွေရရှိလာပါက ထမင်းတစ်နပ် (၁၅) ဘတ် အရှုံးခံရောင်းချနေရတဲ့ အထဲကို ထည့်ဝင်အစားထိုးပြီး ကူညီဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောပါတယ်။
“ ဈေးရောင်းတာနဲ့ စိုက်ပျိုးရေးလုပ်တာတွေ ကိုတော့ လတ်တလောလျာထားပါတယ်ခင်ဗျ။ အခုတစ်ပတ်ကစလို့ ကိုရီးယားကင်ချီတွေ စမ်းရောင်းကြည့်ဖို့ရှိပါတယ်” လို့ သူက CJ Platform ကိုပြောပါတယ်။
ထမင်းတနပ် (၁၅) ဘတ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရံပုံငွေအခက်အခဲကြောင့် ခေတ္တရပ်နားခဲ့ရပြီး အလှူရှင်တချို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြန်လည်စတင်ခဲ့ပေမဲ့ ရံပုံငွေအခက်အခဲဆက်လက်ရှိနေဆဲဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ရိက္ခာပို့ဆောင်နေတဲ့ ကားကို ရောင်းချဖို့အထိ စီစဉ်ခဲ့ရကာ ရေရှည်ရပ်တည်သွားနိုင်ဖို့ အမြတ်ငွေရတဲ့ လုပ်ငန်းတချို့လုပ်ကိုင်နိုင်ရန် ရှိနေပါတယ်။
ဓာတ်ပုံ – ထမင်းတနပ်(၁၅)ဘတ်