မဲရုံ ၁၄ ခုက မဲစာရင်း ခိုးယူခဲ့သူကို ဖမ်းဆီးမိ

Author CJ Platform
Categories
Published on Feb 03, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်စီထမ်မရတ်မြို့က မဲရုံ ၁၄ ခုမှာ ကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်း (မဲစာရင်း) တွေကို ခိုးယူခဲ့သူတွေထဲက တစ်ဦးကို ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Thai Enquirer မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး Pornchai Chorklin ဦးဆောင်တဲ့ ထိပ်တန်းတာဝန်ရှိသူတွေ မနေ့က ဖေဖော်ဝါရီ ၂ ရက်မှာ တွေ့ဆုံခဲ့ပြီး အထူးဦးစားပေး ကိစ္စရပ်အနေနဲ့ စုံစမ်းဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန် မဲစာရင်း ခိုးယူခံရမှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု ထိခိုက်စေနိုင်တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ကလည်း ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တာလင်းချန် (Thaling Chan) ရပ်ကွက်နဲ့ ခဲအို (Kaeo) ရပ်ကွက်တို့မှာရှိတဲ့ မဲရုံတွေက မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းတွေ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးချိန် သံသယရှိသူ ၃ ဦးကို တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်မှာ တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

ခရိုင်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ မဲစာရင်းကို ခိုးယူခဲ့သူတွေ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်ဟာ လက်ရှိရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ပါဝင်နေတဲ့ နိုင်ငံရေးသမားဟောင်းတစ်ဦးရဲ့ ဇနီးဖြစ်သူ နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ကားတစ်စီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးမှုကို ပိုမိုအလေးထား လုပ်ဆောင်နေတယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

 

မဲစာရင်းကို ခိုးယူတာဟာ အစိုးရစာရွက်စာတမ်းကို ခိုးယူတာဖြစ်ပြီး ပြစ်မှုမြောက်တာကြောင့် လိုအပ်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ်သလို စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ နာခွန်စီထမ်မရတ်ခရိုင် ရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Snapshot/ThaiPBS