ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ ၄ ဦးသေဆုံးတဲ့အပြင် လက်နက်ခဲယမ်းတချို့ ရလို့ဆို

Author မင်းထက်
Categories
Published on Jul 31, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာပျူရွာမှထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း လေးဦးသေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင် ၃၀ ရက် မနက် ၈ နာရီခွဲခန့်က ပခုက္ကူတပ်မ ၁၀၁ မှ စစ်သားနဲ့ ပျူအင်အား ၆၀ ပါ စစ်ကြောင်းဟာ ကိုရင့်ကျေးရွာနဲ့ ကိုရင့်ကျွန်းကြားအရောက်မှာ တော်လှန်ရေးရဲဘော်တွေရဲ့ စောင့်ကြိုတိုက်ခိုက်မှုကိုခံရပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ အဲဒီပကဖမှ ရဲဘော်တစ်ဦးက ပြောပါတယ်။

 

“တိုက်ခိုက်မှုကြောင့်ပဲ ‌ေ-ွးလေးကောင်ကျပြီး လေးကောင်အပြင်းအထန်ဒဏ်ရာရတယ်လို့ သတင်းရထားတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီမှာ အပြန်လှန်ပစ်ခတ်မှု သုံးနာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ပျူစောထီးလို့ ယူဆရသူ လေးဦး သေဆုံးခဲ့ပြီးနောက် အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့က ကောက်ယူသွားတယ်လို့ ဆိုပါတယ်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီနေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေစကြိုပကဖက ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဟင်္သာကျေးရွာထဲ ပြန်လည်ဝင်ရောက်သွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းအထိ ဟင်္သာကျေးရွာအတွင်းမှာပင် ရှိနေသေးတယ်လို့ ရေစကြိုမြို့နယ်ပကဖထံမှ သိရပါတယ်။

 

ဓာတ်ပုံ -ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

 

 

Related News

Depend on news