စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီ လုံခြုံရေးပိုမိုတင်းကျပ်ပြီး အစစ်အဆေးအဖမ်းအဆီးကြမ်းနေ လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီး အဆက်အသွယ်ဖြတ်ထား

Author မင်းထက်
Categories
Published on Jul 31, 2024

မန္တလေးတိုင်းထဲ စစ်ရေးတင်းမာနေမှုကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးပိုတင်းကျပ်ထားပြီး အစစ်အဆေးအဖမ်းအဆီးကြမ်းနေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ယခုလဆန်းပိုင်းမှစတင်ကာ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ကားတွေအပြင် အိမ်စီးကားတွေနဲ့ပါ လှည့်လည်နေပြီး လုံခြုံရေး ပိုမိုဂရုတစိုက်လုပ်ဆောင်နေကြတယ်လို့ မျက်မြင်မြို့ခံတွေက ပြောပါတယ်။

 

ဒါ့အပြင် အရက်ဆိုင်၊ ဘီယာဆိုင်တွေထဲ ရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတစ်မျိုး လမ်းမပေါ် ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးတာတစ်သွယ် နေအိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲတာမျိုးတွေအထိ စစ်ကိုင်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုပ်ဆောင်နေတယ်လို့ CJ Platform ရဲ့ မြေပြင် Citizen Journalist က သတင်းပေးပို့ပါတယ်။

 

လတ်တလော စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၀၀ ခန့်ရှိနေပြီး စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၃၃ ထဲမှာ ချုပ်နှောင်ထား​တယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးထားသူတွေကို စစ်ကောင်စီဘက်က မိသားစုနဲ့လည်း အဆက်အသွယ်ဖြတ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းအရင်းမြစ်များထံမှ စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် ယမန်နေ့ ဇူလိုင် ၃၀ ရက် ညဦးပိုင်းဖြစ်တဲ့ ၇ နာရီခွဲခန့်က စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တချို့ရဲ့ အိမ်တွေမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေ တစ်အိမ်တက်ဆင်း ဧည့်စာရင်း လိုက်လံစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ စစ်ဆေးခံရသူတွေဆီကနေ သိရပါတယ်။

 

“အဓိက ဧည့်စာရင်းပေါ့။ တခြားကနေ အိမ်ငှားလာနေတဲ့သူတွေဆို အကုန်လမ်းပေါ် တန်းထွက်ခိုင်းပြီး ဘယ်ကလဲဘာညာ အကုန်စစ်တယ်။ ဧည့်စာရင်းမတိုင်ထားတာတွေဆို နောက်တစ်ကြိမ်လာလို့ မတိုင်ထားသေးရင် ဗိုက်ကြီးသည်လည်း မချန်ဘူး။ အကုန်ဖမ်းမယ်ဆိုပြီး တော်တော်လေး သတိပေးသွားတာ” လို့ နန်းဦးမြို့သစ်နေ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

 

ဒါဟာ စစ်မှုထမ်းဖို့ လူငယ်တွေကို ပစ်မှတ်ထား ရှာဖွေ​နေခြင်းနဲ့ စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းထဲက စစ်ရေးအခြေအနေတွေကြောင့် ပြောင်းရွှေ့လာသူတွေရှိမရှိ စစ်ဆေးလိုခြင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပြောဆိုပါတယ်။

 

“ဧည့်စာရင်းတိုင်တာကတော့လည်း ရက်မလွန်ဘူးပေါ့။ မနေ့(ဇူလိုင် ၃၀)ညက စစ်တာတွေဆိုရင် နောက်ထပ် ထပ်လာဦးမှာလို့လည်း ပြောသေးတာ။ ပြီးတော့ သူတို့လာမယ်ဆို လာကိုလာနိုင်တယ်။ အဓိကက လူငယ်တွေရှိမရှိကို ပစ်မှတ်ထားရှာတာဖြစ်မယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းမြို့ဟာ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းမြို့ အရှေ့ဘက်မှာ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မတ္တမြို့နယ်ဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်တည်ရှိနေတာဖြစ်ပါတယ်။

 

လက်ရှိ မန်း PDF က မတ္တရာမြို့နယ်ကို ဇွန်လ ၂၇ ရက်နေ့ကတည်းက ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးအဖြစ် ဆင်နွှဲနေရာမှာ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း၊ တောင်ကန်ကျေးရွာ တပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြို့ကုန်းရွာ တပ်စခန်း ၊ ထန်းပင်ကုန်းရွာ တပ်စခန်းနဲ့ ဘိုကုန်းရွာ တပ်စခန်း စတဲ့တပ်စခန်း ခုနစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

ဒါကြောင့် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၃၅ ခုအထိ မန်း PDF သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သလို သပိတ်ကျင်းခရိုင်ထဲက စဉ့်ကူးမြို့ကိုလည်း ဇူလိုင် ၁၇ ရက်ကစတင် သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်