လှည်းကူးနဲ့ မင်္ဂလာဒုံတို့က စစ်ကောင်စီပစ်မှတ်တွေကို တပြိုင်နက်တိုက်ခိုက်

Author ကိုထက်
Categories
Published on Jul 31, 2024

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က စစ်မှုထမ်းဟောင်းရုံးနဲ့ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီတပ် ခလရ ၈၂ ကင်းဂိတ်စခန်းတို့ကို အဝေးထိန်းမိုင်းတွေနဲ့ ယမန်နေ့ညပိုင်းက တပြိုင်နက်ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ Operation Flame(OF)အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

 

ဇူလိုင် ၃၀ ရက်၊ ည ၇ နာရီခန့်က အဝေးထိန်းမိုင်း သုံးလုံးအသုံးပြုပြီး စစ်ကောင်စီပစ်မှတ် သုံးနေရာအထိ တိုက်ခိုက်ခဲ့ပေမဲ့ တစ်နေရာကတော့ လွဲချော်မှုတစ်ခုကြောင့် ပြန်ဆုတ်လာရတယ်လို့ Operation Flame(OF)အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောပါတယ်။

 

“မင်္ဂလာဒုံ ခလရ ၈၂ နဲ့ လှည်းကူးစစ်မှုထမ်းဟောင်းရုံးမှာပဲ အောင်မြင်ခဲ့တယ်။ ကျန်တဲ့တစ်နေရာကတော့ မိုင်း Error ဖြစ်လို့ ပြန်ဆုတ်လာခဲ့ရပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

လှည်းကူးစစ်မှုထမ်းဟောင်းရုံး ‌ဖောက်ခွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားထိခိုက်မှုရှိမရှိ မသိရပေမဲ့ မင်္ဂလာဒုံ ခလရ ၈၂ ကင်းဂိတ်စခန်းတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာအပြင်းအထန်ရတာမျိုး ရှိနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

“ခလရ ၈၂ မှာ ဗုံးကွဲတယ်လို့ကြားမိတယ်။ ညက အသံပဲအကျယ်ကြီးကြားလိုက်ရတာ။ ဒီမနက်မှ အဲဒီမှာဆိုတာ သိရတာ” လို့ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် မနက် ၁၀ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ ပုသိမ်လမ်းမပေါ် ဗိုလ်ချုပ်မှတ်တိုင်နဲ့ အဆင့်မြင့်မှတ်တိုင်ကြားမှာ စစ်ကောင်စီပတ်ကင်းယာဉ်တန်းကို HAND GOD’s Force အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁ တပ်မတော်စုဆောင်းရေးတပ်ကို Yangon Army အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့  ဒဏ်ရာရခဲ့ပါသေးတယ်။

 

 

ဓာတ်ပုံ – Operation Flame