မတ္တရာက စခန်း ၇ ခု မန်း PDF ထပ်သိမ်း၊ တစ်လကျော်အတွင်း စခန်းပေါင်း ၃၅ ခုအထိသိမ်းနိုင်ခဲ့

Author လဂွန်းအိမ်
Categories
Published on Jul 31, 2024

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ခုနစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထပ်မံသိမ်းပိုက်လိုက်ပြီလို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

 

ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာတပ်စခန်း၊ မြို့ကုန်းကျေးရွာတပ်စခန်း၊ ထန်းပင်ကုန်းကျေးရွာတပ်စခန်း၊ ဘိုကုန်းကျေးရွာတပ်စခန်း၊ အောင်သပြေကျေးရွာစခန်းနဲ့ အောင်သပြေကားဝန်းစခန်းတို့ကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကျောက်တံတားကျေးရွာနဲ့ မန်းတိုင်းနဲ့ဆက်စပ်နေတဲ့ မြကန်သာကျေးရွာမှာလည်း ဒီကနေ့အထိ တိုက်ပွဲများပြင်းထန်နေတယ်လို့ မန်း PDF ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

မန်း PDF နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မတ္တရာမြို့နယ်အတွင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရှမ်းမန်းစစ်ဆင်ရေးအဖြစ် ဇွန် ၂၇ ရက်ကစတင်ဆင်နွှဲခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MoD)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီနောက် ခြောက်ရက်အကြာ ဇူလိုင် ၂ ရက်နေ့မှာတော့ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် တပ်စခန်း ရှစ်ခု စတင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Mdy-PDF က ထုတ်ပြန်လာပါတယ်။

 

၁၅ ရက်အကြာ ဇူလိုင် ၁၆ ရက်နေ့မှာတော့ စစ်ကောင်စီတပ်စခန်း ၂၈ ခုအထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ စစ်စခန်း ခုနစ်ခု ထပ်မံသိမ်းပိုက်ခဲ့တာကြောင့် ရှမ်းမန်းစစ်ဆင်ရေး တစ်လကျော်ကာလအတွင်း မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်းစုစုပေါင်း ၃၅ ခုအထိ မန်း PDF က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒီကနေ့ ထုတ်ပြန်ချက်ထဲ မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်ကို သိမ်းပိုက်ရရှိနိုင်ရေး Mdy-PDF နဲ့ ပူးပေါင်းတပ်ဖွဲ့များက သတ်မှတ်စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထည့်သွင်းကြေညာထားပါတယ်။

 

မန်း PDF အနေနဲ့ မန္တလေးတိုင်းထဲ နွေဦးတော်လှန်ရေး သုံးနှစ်ခွဲကာလအတွင်း ပထမဆုံးမြို့သိမ်းပိုက်နိုင်မှုအဖြစ် ယခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က စဉ့်ကူးမြို့ကို ရရှိထားပါတယ်။

 

ဓာတ်ပုံ – MDY PDF