ဖလမ်းမှ ကလေးသို့ စစ်ဘေးရှောင်လာတဲ့ ကား တိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jul 31, 2024

ချင်းပြည်၊ ဖလမ်းမြို့မှ စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ စစ်ဘေးရှောင်ဖို့ ထွက်ခွာလာတဲ့ကားတစ်စီး ယမန်နေ့က တိမ်းမှောက်တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ကလေးမြို့ကို စစ်ဘေးရှောင်ဖို့ လူ ရှစ်ဦး လိုက်ပါလာတဲ့ ကားတစ်စီးဟာ ယမန်နေ့ ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှာ ဖလမ်းမြို့နယ်၊ ဟိုင်မွှာလ်ကျေးရွာအရောက် ကားလမ်းချော်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

 

“မိုးအရမ်းရွာပြီး လမ်းတွေကလည်း ချော်တယ်။ ကားလမ်းအတက်မှာ လမ်းချော်ပြီး ကားမှောက်သွားတာ။ ကားနောက်မှာ ထိုင်တဲ့အမျိုးသမီးက ပိပြီး သေဆုံးသွားတယ်။ သူရဲ့အမျိုးသားအပါအဝင် ငါးယောက်ဒဏ်ရာရတယ်။ ကလေးမြို့မှာ သူ့သားဆီ စစ်ဘေးရှောင်ဖို့သွားကြတာပါ” လို့ ဖလမ်းဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သေဆုံးအမျိုးသမီးဟာ အသက် ၆၀ အရွယ် ဒေါ် Khen Rem လို့သိရပြီး ၎င်းရဲ့အမျိုးသားအပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့ရာမှာ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

 

ချင်းညီနောင်အဖွဲ့ရဲ့ ဖလမ်းမြို့သိမ်း တိုက်ပွဲသတင်းကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ယခုရက်ပိုင်းအတွင်း ချင်းပြည်ထဲအပါအဝင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ အသီးသီးထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

 

ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦးအပါဝင် အရပ်သားနှစ်ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ အမျိုးသားဖြစ်သူတို့ကို တွေ့ရစဥ်