ဖလမ်းမှာ စစ်ဘေးရှောင်ပိုတိုးလာလို့ ကားခ ၁၈ မှ ၄၀ သိန်းကြားအထိ ဈေးပေါက်

Author ဆလိုင်း
Categories
Published on Jul 31, 2024

ချင်းပြည်(မြောက်ပိုင်း)၊ ဖလမ်းမြို့နယ်မှာ ချင်းညီနောင်အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းကြောင့် မြို့ခံတွေတိမ်းရှောင်မှုများလာတဲ့အတွက် ကားခ ကျပ် ၁၈ မှ ၄၀ သိန်းအထိ ဈေးပေါက်နေတယ်လို့ အဲဒီမြို့ခံများက CJ Platform သို့ ပြောပါတယ်။

 

ယခုရက်ပိုင်းတွင်း မြို့ကိုစွန့်ခွာသူ စစ်ဘေးရှောင်သူ ၈၀၀၀ ဦးနီးပါးအထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

“မြို့ထဲမှာ လူတွေ သိပ်မကျန်တော့ဘူး။ လူတွေကလည်း ကား၊ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေ နေ့ည ပြောင်းရွှေ့နေကြတယ်။ ဆိုင်ကယ်ငှားခ၊ ကားငှားခလည်း စျေးအရမ်းတက်တယ်။ ထွက်ပြေးတဲ့သူတွေလည်း တစ်ရက်ထက် ပိုများလာနေတယ်။ ဝန်ထမ်းမိသားစုတွေလောက်ပဲ ကျန်တော့တယ်။ ကျောင်းတွေ ဖွင့်ပေမဲ့ ကျောင်းတက်မယ့် ကလေးတွေလည်း မရှိတော့ဘဲ ထွက်ပြေးနေကြပြီ” လို့ လက်ရှိမြို့တွင်း နေထိုင်နေသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

မြို့ကိုစွန့်ခွာသူတွေဟာ မြန်မာ-အိန္ဒိယနယ်စပ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့သို့ စစ်ဘေးရှောင်ကြရာ မြို့နယ်၊ ဒေသအလိုက် ဆိုင်ကယ်၊ ကားစင်းလုံးငှားရမ်းခမှာ ကျပ် ၁၈ သိန်းမှ သိန်း ၄၀ အကြားအထိ ပေးဆောင်နေကြရတယ်လို့ ၎င်းက ပြောပါတယ်။

 

ချင်းပြည်ထဲဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ယခုရက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ခရိုင် ၅ ခုထဲသို့ မြန်မာနိုင်ငံက စစ်ဘေးရှောင်သူ ၁၅၀၀ ခန့် ထပ်မံရောက်ရှိလာတယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

 

ဒါ့အပြင် ဖလမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်၊ ည ၁၀ နာရီခန့်က အဲဒီမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၈ တပ်ရင်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ Thanhniar ကျေးရွာထဲသို့ ကျပေါက်ကွဲခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

အဲဒီလက်နက်ကြီးကျည် ကျပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အခုတလော စစ်တပ်က မြို့ထဲကနေ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်တာ နှစ်ရက်၊ သုံးရက်လောက်ရှိပြီ။ မနေ့ ညနေကလည်း အရပ်သားတွေရှိတဲ့ ရွာထဲကို လက်နက်ကြီး ထပ်ပစ်တယ်။ အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်။ ဆေးကုသမှုခံယူနေရတယ်” လို့ ၎င်းက ပြောပါတယ်။

 

ချင်းပြည်ထဲ ချင်းညီနောင်အဖွဲ့က မတူပီမြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို သိမ်းပိုက်ထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ဖလမ်းမြို့အဝင်