စစ်ကောင်စီခြောက်လသက်တမ်းထပ်တိုးချိန် မိုးမိတ်မြို့ကို ထပ်မံလက်လွှတ်လိုက်ရ

Author လဂွန်းအိမ်
Categories
Published on Jul 31, 2024

ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ တအာင်းတပ် TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်း ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ပြီးနောက် မိုးမိတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က တရားဝင်ကြေညာပါတယ်။

 

ဒီနေ့ ဇူလိုင်လ ၃၁ ရက် နေ့လယ်မှာ တအာင်းတပ်နေ့စဉ်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မိုးမိတ်တစ်မြို့လုံးကို သိမ်းလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

“မိုးမိတ်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့တာ ဟုတ်ပါတယ်။ ဒီနေ့ ၁ နာရီမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မိုးမိတ်မြို့ဟာ တတိယမြောက်သိမ်းပိုက်ရရှိတဲ့မြို့ဟုတ်ပါတယ်” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက CJ Platform ကို ပြောပါတယ်။

 

TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မိုးမိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း ရှစ်ခုကို ဇူလိုင် ၉ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး နောက်ဆုံးကျန်တဲ့ မိုးမိတ်ဗျူဟာကုန်းကို ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ပတ်အကြာမှာ အဲဒီစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

 

ဒီကနေ့မှာပဲ စစ်ခေါင်းဆောင်က နေပြည်တော်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူကျင်းပပြီး ခြောက်ကြိမ်မြောက် ခြောက်လသက်တမ်းကို ထပ်မံ ဆွဲဆန့်ခဲ့တာနဲ့ တိုက်ဆိုင်နေပါတယ်။

 

အဲဒီအစည်းအဝေးကို စစ်ခေါင်းဆောင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ယာယီသမ္မတအနေနဲ့ ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ မှတ်မှတ်ရရအနေနဲ့ တစ်နိုင်ငံလုံး ၇၃ မြို့မြောက်အဖြစ် မိုးမိတ်မြို့ကို လက်လွှတ်ခဲ့ရပြန်ပါတယ်။

 

မိုးမိတ်မြို့ကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၀ နီးပါးကြားမှ TNLA ရဲ့ တတိယမြောက်မြို့အဖြစ် သိမ်းပိုက်ခဲ့ရရှိခဲ့တာဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

 

တအာင်းတပ်က ဇူလိုင် ၁၀ ရက်နေ့မှာ နောင်ချိုမြို့နဲ့ ဇူလိုင် ၂၄ ရက်နေ့မှာ မိုးကုတ်မြို့ကို သိမ်းပိုက်ထားခဲ့ပြီးဖြစ်လို့ တစ်လအတွင်း မြို့ သုံးခုအထိ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ရှမ်းမြောက် တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA ကလည်း လားရှိုးမြို့ကို ဇူလိုင် ၂၅ ရက်နေ့က သိမ်းပိုက်လိုက်ပြီလို့ ကြေညာထားတာပါ။

 

အဲဒီစစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ မန္တလေူတိုင်းထဲက ရှမ်းမန်းစစ်ဆင်ရေးအနေနဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားပါတယ်။

 

ဒါကြောင့် စစ်ကောင်စီဟာ ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ မန်း PDF ၊ ကချင်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ရခိုင်မှာ အာရက္ခတပ်တော်(AA)၊ ကရင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ချင်းပြည်မှာ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းကာကွယ်ရေးတပ်တွေထံ စုစုပေါင်း မြို့ ၇၃ ခုအထိ လက်လွှတ်ထားရပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA